ASP-HSEChannel
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ASP-HSEChannel, Trade school, Bago.
This Chennel is for everyone who want to learn and discuss Occupational Health, Safety and Environment (OHSE) matters in Myanmar context including International aspects.
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၁၀ )
===================================================
စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများတွင် ဖြစ်ပွားသည့် လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါခံစားရမှုများကြောင့် နိုင်ငံတော်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အသီးသီးအတွက် စီးပွားရေး၊ လူမှုရေးစသည့် ဘက်ပေါင်းစုံမှ ဆုံးရှုံးမှုများ ဖြစ်ပေါ်ရခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသည် လူသားအားလုံးအတွက် အရေးကြီးသည့်ကိစ္စရပ်ဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုလည်း နိုင်ငံတကာနှင့် ဒေသဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းများကို ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ယခုတင်ပြသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများကို သိရှိနားလည်းပြီး လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော နိုင်ငံတော််၊ ကျင့်သုံးသည့် အဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိနိုင်မည်ဟု သုံးသပ်တင်ပြအပ်ပါသည်။
နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများကို လေ့လာပြီး ပြုစုထားသည့် ဤစာတမ်းပါအကြောင်းအရာ၊ အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် လက်တွေ့အသုံးချခြင်း၊ လုပ်ဖေါ်ကိုင်ဖက် ဝန်ထမ်းများ၊ ပြည်သူများအား အလျဉ်းသင့်သလို အသိပညာမျှဝေပေးခြင်းဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဆင့်အတန်းသည် အတိုင်းအတာ တစ်ခုအထိ ပိုမို မြင့်မားလာမည်ဟု မျှော်လင့်လျက် ဤစာတမ်းအား ရေးသားတင်ပြခြင်းဖြစ်ပါသည်။
P.S ကျွန်တော် နိုင်ငံဝန်ထမ်းဘဝ လက်/ညွှန် တာဝန်ထမ်းဆောင်စဉ် ပျဉ်ဉီးလွင်မြို့အနီး ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းတွင် ရေးသားတင်သွင်းခဲ့သည့် စာတမ်းအား မှီငြမ်း၍ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။
ကျမ်းကိုးစာရင်း
1. Occupational Safety and Health Management System, ILO
2. ASEAN Guidance Note on Occupational Safety and Health Management Systems for Small and Medium Enterprises, ASEAN-OSHNET
3. Guidance Note on Occupational Safety and Health Management System for Small and Medium Enterprises, Ministry of Human Resources, Malaysia
4. Worker's Safety Hand Book , Workplace Safety and Health Council , Singapore
5. Manual on Occupational Safety and Health for the construction industry, Ministry of Human Resources, Malaysia
6. လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးစာစဉ် (၁ မှ ၁၃ အထိ) အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊
7. အလုပ်သမား ပညာပေးစာစောင် (လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုကာကွယ်ရေး) အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၉ )
===========================================================
မတော်တဆထိခိုက်မှု များကို ကာကွယ်သော နည်းလမ်းများ (Preventive measures)
---------------------------------------------------------------------------------------
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန် စေရန် အောက်ပါအတိုင်း နည်းလမ်းမျိုးစုံ အသုံးပြု၍ ဆောင်ရွက်လျှက်ရှိပါသည် -
(က) ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်း၊ စည်းကမ်းများ ထုတ်ပြန်ဆောင်ရွက်ခြင်း
လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများကို ကာကွယ်ရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်း၊ စည်းကမ်းများကို ထုတ်ပြန်ပြဋ္ဌာန်းခြင်းကို နည်းလမ်းတစ်ရပ်အဖြစ် ကျင့်သုံးလျှက် ရှိပါသည်။ အဆောက်အအုံ ပုံစံဒီဇိုင်းရေးဆွဲခြင်းနှင့် ဆောက်လုပ်ခြင်း၊ လုပ်ငန်းခွင် အခြေအနေ၊ စက်ကိရိယာဘေးအန္တရာယ်ကင်းရှင်းမှု၊ စက်ကိရိယာတပ်ဆင်နေရာချခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ် မောင်းနှင်ခြင်း၊ ပုံမှန်လည်ပတ်မောင်းနှင်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများ၏ တာဝန်နှင့် အခွင့်အရေးများသတ်မှတ်ပေးြခင်း၊ လေ့ကျင်သင်ကြားပေးခြင်းများ ၊ ဆေးဘက်ဆိုင်ရာ ကြီးကြပ်စောင့်ရှောက်ပေးခြင်း ၊ ရှေးဦးသူနာပြုစုခြင်း ၊ ဆေးစစ်ခြင်း စသည်တို့နှင့်စပ်လျဉ်း၍ လိုက်နာရမည့် ဥပဒေ ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို သတ်မှတ်ပြဌာန်းပြီး ဆောင်ရွက်လျှက်ရှိပါသည်။
(ခ ) စံနှုန်းသတ်မှတ်ပေးခြင်း
အချို့သော စက်ကိရိယာ အမျိုးအစားများ၏ ဘေးအန္တရာယ် ကင်းရှင်းအောင် တည်ဆောက်ပုံနှင့် ပတ်သက်၍ လည်းကောင်း ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာသန့်ရှင်းရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်၍ လည်းကောင်း ၊ ကိုယ်ခန္ဓာ ကာကွယ်ရေး ပစ္စည်း ကိရိယာများနှင့် ပတ်သက်၍ လည်းကောင်း တရားဝင်စံနှုန်းများသတ်မှတ်ပေးရန် လိုအပ်ပါသည်။ အခြေအနေတစ်ရပ်ရပ်ကြောင့် တရားဝင် စံနှုန်းသတ်မှတ်ချက် မပြုလုပ်နိုင်သေးပါက အကြံပြု ထောက်ခံချက်စံနှုန်းများ ဖော်ထုတ်ပေးခြင်းကို ဆောင်ရွက်သင့်ပါသည်။
(ဂ ) စစ်ဆေးစည်းကြပ်ခြင်း (Enforcement)
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဥပဒေ ပြဌာန်းချက်များ ၊ နည်းဥပဒေ ၊ အမိန့် ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ၊ စံနှုန်း သတ်မှတ်ချက်များကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက လိုက်နာ ဆောင်ရွက်မှု ရှိ ၊ မရှိ သိရှိနိုင်ရန် စက်ရုံ ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ အလုပ်ရှင်နှင့် အလုပ်သမားများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု (Employer and Employee Participation) အားကောင်းလာစေရန် လက်တွေ့ လုပ်ငန်းဆောင်ရွက်ရာ၌ အပြစ်ပေး အရေးယူခြင်းကို အလေးမပေးဘဲ ဥပဒေ၏ မူလရည်ရွယ်ချက်ဖြစ်သည့် လုပ်ငန်းခွင် အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှုတိုးတက်စေရန် ရှေးရှုဆောင်ရွက်ရမည်ဖြစ်ပါသည်။
(ဃ) နည်းပညာဆိုင်ရာ သုတေသနပြုခြင်း (Research and Development)
အန္တရာယ်ဖြစ်နိုင်သော လုပ်ငန်းစဉ်သုံးပစ္စည်းများ၏ ထူးခြားချက်များနှင့် ဂုဏ်သတ္တိ များကို စူးစမ်းလေ့လာခြင်း ၊ စက်ကိရိယာ အကာအရံများကို လေ့လာတီထွင်ခြင်း ၊ လူတို့၏ အသက်ရှူလမ်းကြောင်းအတွင်း အန္တရာယ်ရှိသော အရာများဝင်ရောက်မှုကို တားဆီးကာကွယ်ပေးသည့် ပစ္စည်းကိရိယာများ စမ်းသပ်ခြင်း၊ လေ့လာတီထွင်ခြင်း ၊ အမှုန်အမွှားနှင့် အခိုးအငွေ့များ၏ ထူးခြားသည့် ဂုဏ်သတ္တိကြောင့် ပေါက်ကွဲမှု ဖြစ်ပွားနိုင်ခြင်းကို တားဆီးနိုင်သည့် နည်းလမ်းများကို လေ့လာဖော်ထုတ်ခြင်း ၊ ပင့်စက် ၊ မြှောက်စက်ကိရိယာများနှင့် ယင်းတို့တွင် အသုံးပြုသော ပစ္စည်းကိရိယာများအတွက် အသင့်တော်ဆုံးပစ္စည်းပုံစံ ဒီဇိုင်းများကို လေ့လာခြင်းစသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက် ရန်လိုအပ်ပါသည်။
(င ) ဆေးဘက်ဆိုင်ရာ သုတေသနပြုခြင်း (Medical Research)
လုပ်ငန်းခွင် ပတ်ဝန်းကျင် အြေခအနေနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုအခြေအနေ၊ အလုပ် လုပ်ကိုင်ပုံနည်းစနစ်ဆိုင်ရာ အခြေအနေများသည် အလုပ်သမား၏ ဇီဝကမ္မဆိုင်ရာ အြေခအနေနှင့် ရောဂါ ဖြစ်ပွားနိုင်မှု သဘောသဘာဝအပေါ် အကျိုးသက်ရောက်နိုင်မှုများ နှင့် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုများကို လေ့လာစူးစမ်းသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။
(စ ) စာရင်းအင်းဆိုင်ရာ သုတေသနပြုခြင်း (Statistics)
မည်ကဲ့သို့သော မတော်တဆ ထိခိုက်မှုမျိုးများသည် မည်မျှ ဖြစ်ပွားနေသည် ၊ မည်ကဲ့ သို့သော လူများ၌ ဖြစ်ပွားတတ်သည် ၊ မည်ကဲ့သို့သော လုပ်ငန်းအမျိုးအစားများတွင် ဖြစ်ပွားသည် ၊ မည်ကဲ့သို့သော အကြောင်းအရင်းများကြောင့် ဖြစ်ပွားသည်၊ စသည်တို့ကို စာရင်းဇယားများ ကောက်ယူ စုဆောင်းလေ့လာသုံးသပ်သည့် လုပ်ငန်းများဖြစ်ပါသည်။
(ဆ) လေ့ကျင့်သင်ကြားပေးခြင်း (Education)
လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းအစီအစဉ်များတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထည့်သွင်းလေ့ကျင့် သင်ကြားပေးခြင်း ၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများ ၊ အထူးသဖြင့် အသစ်ဝင်ရောက်လာသည့် အလုပ်သမားများကို သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို လက်တွေ့ညွှန်ကြားပြသပေးခြင်း ၊ စက်ရုံ ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကိစ္စများကို တာဝန်ယူ ဆောင်ရွက် ပေးနေရသည့် အင်ဂျင်နီယာများနှင့် ကြီးကြပ်ရေးမှူးများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပေးခြင်းများကို အရှိန်တိုးြမင့့်ဆောင်ရွက်သင့်ပါသည်။
(ဇ ) ဆွဲဆောင်စည်းရုံးခြင်း (Motivation)
လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိစိတ်ဓာတ်မြင့်မားလာစေရန် လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းပို့ချချက်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာများကို ဟောပြောပို့ချပေးခြင်း ၊ ပိုစတာများ၊ လက်ကမ်းစာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန််းမာရေးဆိုင်ရာ ပညာပေးစာတမ်း ရေးသားပြုစု ပုံနှိပ်ဖြန့်ဝေပေးခြင်းများကိုလည်း အရှိန်မြှင့်တင် လုပ်ဆောင်သင့်ပါသည်။
(ဈ ) စက်ရုံ ၊ အလုပ်ရုံအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း (In House OSH Programmes)
လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများသည် စက်ရုံ ၊ အလုပ်ရုံ၊လုပ်ငန်းဌာနများ အတွင်း၌ အများဆုံးဖြစ်ပွားတတ်ပါသည်။ လုပ်ငန်းခွင် မတော်တဆထိခိုက်မှု ဖြစ်ပွားသည့် အြေခအနေသည် ယင်း စက်ရုံ ၊ အလုပ်ရုံများအတွင်း လုပ်ကိုင်နေကြသော အလုပ်သမားများ၏ ဘေးအန္တရာယ် ကင်းရှင်းရေး အသိစိတ်ဓာတ်မြင့်မားမှု အဆင့်အတန်းပေါ်တွင် များစွာမှီတည်နေပါသည်။ အထက်တွင်ဖော်ပြခဲ့သည့် လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့်ရောဂါ ကာကွယ်ရေး နည်းလမ်းများကို စက်ရုံ ၊ အလုပ်ရုံများတွင် လိုက်နာဆောင်ရွက်ထားသော်လည်း စက်ရုံ ၊ အလုပ်ရုံများအတွင်း၌ အဆိုပါ မတော်တဆ ထိခိုက်မှု ကာကွယ်ရေး နည်းလမ်းများနှင့် အစီအစဉ်များအား လက်တွေ့ကျကျ ကျင့်သုံးအကောင်အထည်ဖေါ်မှုမရှိခြင်း သို့မဟုတ် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအြေခအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုများ လျော့နည်းပပျောက်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မတော်တဆ ထိခိုက်မှု ကာကွယ်ရေး နည်းလမ်းများကို လက်တွေ့အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ အသေးစိတ်လုပ်ငန်းစီမံချက်များ သို့မဟုတ် အစီအစဉ်များကို ရေးဆွဲချမှတ်ကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။
(ဆက်လက်ဖော်ပြပါဉီးမည်)
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၈ )
===========================================================
အလုပ်နှင့် ဆက်နွယ်သည့် မတော်တဆထိခိုက်မှုများ ၊ ထိခိုက်မှုအကြောင်းအရင်းများနှင့် ရောဂါဘယ များအား စုံစမ်းစစ်ဆေးခြင်း
----------------------------------------------------------------------------------(Investigation of Occupational Accidents and Diseases)
--------------------------------------------------------------------------
လုပ်ငန်းခွင် မတော်တဆထိခိုက်မှု သို့မဟုတ် ရောဂါဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးခြင်း သည် အဆိုပါထိခိုက်မှု သို့မဟုတ် ရောဂါဖြစ်ပွားရသည့် အကြောင်းရင်း(Root Cause)ကို ရှာဖွေဖေါ်ထုတ်ရန်နှင့် နောင်တွင် အလားတူ ထိခိုက်မှု သို့မဟုတ် ရောဂါမျိုး ထပ်မံမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများကို စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စုံစမ်းစစ်ဆေးသည့်အခါ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဥ်ထက် ထိခိုက်မှု သို့မဟုတ် ရောဂါဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းကို ရှာဖွေဖေါ်ထုတ်နိုင်ရန် အထူးဂရုပြု၍ လုပ်ဆောင်သင့်သည်။ အထူးသဖြင့် မတော်တဆထိခိုက်မှု သို့မဟုတ် ရောဂါစုံစမ်းစစ်ဆေးခြင်းကို ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရှိသော ကျွမ်းကျင်ပုဂ္ဂိုလ် တစ်ဦးဦးက ဦးဆောင်၍ စစ်ဆေးဆောင်ရွက်သင့်ပါသည်။
အရေးပေါ် အြေခအနေဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အစီအမံများကို ကြိုတင်စီစဉ်ဆောင်ရွက်ခြင်း (Emergency Preparedness)
-----------------------------------------------------------------------------------------
အရေးပေါ် အခြေအနေသည် ကြိုတင်မသိရှိနိုင်သော အခြေအနေ တစ်ရပ်ဖြစ်၍ အလုပ်သမားများနှင့် ပြည်သူလူထုအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဖြစ်ပွားစေနိုင်သည့်အပြင် လုပ်ငန်း ပုံမှန်လည်ပတ်မှုကိုလည်း ထိခိုက်စေပြီး ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ အရေးပေါ် အခြေအနေများသည် လူတို့၏ လုပ်ဆောင်မှု (Human Behaviors) ကြောင့် သော်လည်းကောင်း၊ သဘာဝတရားကြောင့် (By Nature/ By chance)သော်လည်းကောင်း ဖြစ်ပေါ်လာနိုင်ပြီး ယင်းတွင် အောက်ပါ အခြေအနေ၊ ကိစ္စရပ်များ ပါဝင်ပါသည် -
(က) မီးလောင်မှု ၊
(ခ ) ဓာတ်ငွေ့ယိုစိမ့်မှု ၊
(ဂ ) ဓာတုဗေဒပစ္စည်းများ ယိုစိမ့်ပျံ့နှံမှု၊
(ဃ) ပေါက်ကွဲမှု ၊
(င ) ရေလွှမ်းမိုးမှု၊
(စ ) မုန်တိုင်းဝင်ရောက်မှု၊
(ဆ) ငလျင်လှုပ်မှု၊
အရေးပေါ် အြေခအနေအတွက် ကြိုတင်ကာကွယ်ရေး အစီအမံများ ချမှတ်ခြင်းသည် လူ (သို့) သဘာဝတရားကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအား ကိုင်တွယ်ဖြေရှင်းရန် ကောင်းမွန် သော စနစ်တစ်ရပ် ဖြစ်ပါသည်။ ၎င်းစနစ်တွင် ပျက်စီး ဆုံးရှုံးမှုများကို လျော့နည်းအောင် ဆောင်ရွက်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင် ခြင်းတို့ပါဝင်သည်။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၇ )
===========================================================
အန္တရာယ် ထိန်းချုပ်ခြင်း (Risk Controls)
--------------------------------------------------
လုပ်ငန်းခွင် အန္တရာယ် ထိန်းချုပ်ခြင်း နည်းလမ်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) အန္တရာယ်ဖယ်ရှားခြင်း (Hazard Elimination)
(ခ) အန္တရာယ်နည်းသော စက်ကိရိယာများ (သို့မဟုတ်) ပစ္စည်းများဖြင့် အစားထိုး အသုံးပြုခြင်း (Substitution)
(ဂ ) အင်ဂျင်နီယာပညာရပ်ဖြင့် ထိန်းချုပ်ခြင်း (Engineering Controls)
(ဃ) စီမံခန့်ခွဲရေး နည်းလမ်းဖြင့် ထိန်းချုပ်ခြင်း (Administrative Controls)
(င ) ကိုယ်ခန္ဓာကာကွယ်ရေး ဝတ်စုံဝတ်ဆင်လုပ်ကိုင်ခြင်း (Using Personal Protective Equipments_PPE)
အထက်ပါ နည်းလမ်းအဆင့်ဆင့်သည် ဦးစားပေးအဆင့်အလိုက် ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အန္တရာယ်ဖယ်ရှားခြင်း(Hazard Elimination) အဆင့်ကို ပထမအဆင့် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါနည်းလမ်းအား ဆောင်ရွက်ရန် မဖြစ်နိုင်ပါက အခြားနည်းလမ်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဦးစားပေးရွေးချယ်၍ လုပ်ဆောင်သင့်ပါသည်။ ပထမဆုံးအဆင့်ဖြစ်သည့် အန္တရာယ်များကို လုံးဝဖယ်ရှားခြင်းသည် အကောင်းဆုံးနှင့် ထိရောက်မှုအရှိဆုံးနည်းလမ်းဖြစ်သော်လည်း လက်တွေ့ ဆောင်ရွက် ရာတွင် အဆင်မပြေမှုများ၊ ကန်းသတ်ချက်များ ရှိနေနိုင်ပါသည်။ ထို့ပြင် အချို့နေရာတွင် အန္တရာယ်ထိန်းချုပ်မှုနည်းလမ်း (Risk Controls Measures) တစ်ခုထက်ပို၍ အသုံးပြုရန် လိုအပ်မည်ဖြစ်ပါသည်။ စီမံခန့်ခွဲရေး နည်းလမ်းဖြင့် ထိန်းချုပ်ခြင်းနှင့် ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံ ဝတ်ဆင်လုပ်ကိုင်ခြင်းတို့သည် နောက်ဆုံးအဆင့် (Last Line of Defense) အဖြစ် ရွေးချယ် ဆောင်ရွက်ရမည့် အဆင့်များဖြစ်ပြီး အခြားသော ထိန်းချုပ်မှုနည်းလမ်းများကို ထောက်ပံ့ပေးရန် အတွက်သာ အသုံးပြုခြင်းဖြစ်သဖြင့် အကျိုးသက်ရောက်မှုလည်း နည်းပါသည်။
(ဆက်လက်တင်ပြပါမည်)
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၆ )
===========================================================
အန္တရာယ်ရှိမှု စိစစ်အကဲဖြတ်ခြင်း (Risk Assessment)
-------------------------------------------------------------------
အလုပ်ခွင်ရှိ အန္တရာယ်များကို ရှာဖွေဖေါ်ထုတ်ခြင်းမှ တွေ့ရှိသည့် အန္တရာယ် တစ်ခုချင်းစီအတွက် ယင်းတို့နှင့်ဆက်စပ်သော အန္တရာယ်ရှိမှု ပမာဏ (Risk Level)ကို စိစစ်တွက်ချက်သည့် လုပ်ငန်းစဥ်သည် အန္တရာယ်ရှိမှုစိစစ်အကဲဖြတ်ခြင်းပင်ဖြစ်သည်။ အန္တရာယ်ရှိမှု စိစစ်အကဲဖြတ်တွက်ချက်ရာတွင် အောက်ပါ အဆင့် (၃) ဆင့်ကို လုပ်ဆောင်ရပါမည်-
(က) ထိခိုက််မှု ဖြစ်စေနိုင်သော အကြောင်းအရင်းများ၏ ဖြစ်တန်စွမ်း (Probability) တွက်ချက်ခြင်း၊
(ခ ) ထိခိုက်မှု၏ အကျိုးဆက်ဖြစ်သည့် ြပင်းထန်နှုန်း (severity)ကို တွက်ချက်ခြင်း ၊
(ဂ ) ရရှိလာသည့် ဖြစ်တန်စွမ်းနှင့် ပြင်းထန်နှုန်းတို့အပေါ် အခြေပြု၍ အန္တရာယ်ရှိမှု ပမာဏအား စိစစ်အကဲဖြတ်ခြင်း၊
အန္တရာယ်ရှိမှု စိစစ်အကဲဖြတ်ခြင်း(Risk Assessment)ကို လုပ်ငန်းအတွေ့အကြုံရှိသည့် ကျွမ်းကျင်ပညာရှင်အဖွဲ့မှ ဦးဆောင်၍ လုပ်ဆောင်သင့်ပါသည်။ စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းတွင် သက်ဆိုင်ရာ လုပ်ငန်းခွင်မှ ကြီးကြပ်ရေးမှူးနှင့် အလုပ်သမားများကိုလည်း ပါဝင်ဆောင်ရွက် စေသင့်ပါသည်။
အန္တရာယ်ရှိမှု ပမာဏမြင့်မားပါက (Hish Risk Level ဖြစ်ပါက) လုပ်ငန်းဆောင်ရွက်မှုကို ချက်ချင်းရပ်ဆိုင်းထားရန်လိုအပ်မည်ဖြစ်ပြီး အန္တရာယ်ရှိမှု ပမာဏကို လက်ခံနိုင်သည့်အတိုင်းအဆပမာဏ (Acceptable Risk Level)အထိ လျော့နည်းကျဆင်းစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အလယ်အလတ်အဆင့် အန္တရာယ်ရှိမှုများ(Medium Risk)ကိုလည်း အန္တရာယ်ရှိမှုပမာဏ လျော့နည်းစေရန် ခွန်အားစိုက်ထုတ်၍ ဆောင်ရွက်ရပါမည်။ အဆိုပါ အန္တရာယ်ရှိမှုများကို လျော့နည်းစေရန် ချက်ချင်း လုပ်ဆောင်မှုသည် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊ အန္တရာယ်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ခြင်းဖြစ်၍ လွန်စွာအရေးကြီးပါသည်။ ချို့ယွင်းအားနည်းချက်များကို အမြန်ဆုံး ပြန်လည်ပြုပြင်ဆင်ဆောင်ရွက်မှုကို ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။ အန္တရာယ်ရှိမှု အဆင့် နိမ့်ပါက (Low Risk ဖြစ်ပါက) ချို့ယွင်းချက်များကို တဖြည်းဖြည်း အချိန်ယူ၍ ပြန်လည် ပြုပြင်သွားရန် လိုအပ်မည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တခါတရံ အခြေအနေအချိန်အခါပြောင်းလဲမှုအရ အန္တရာယ်နည်းသော အဆင့်မှ အန္တရာယ်များသည့်အဆင့်သုိ့ ကူးပြောင်းသွားနိုင်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် အန္တရာယ်ရှိမှုပမာဏလျော့နည်းအေစရန် ပြုပြင်ဆောင်ရွက်ခြင်း သို့မဟုတ် အန္တရာယ်အဆင့်လျှော့ချခြင်းကို တစ်လအတွင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၅ )
===========================================================
လုပ်ငန်းခွင် ဘေးအန္တရာယ်များကို ရှာဖွေဖေါ်ထုတ်ခြင်း (Hazards Identification)
----------------------------------------------------------------------------------------------------
လုပ်ငန်းခွင် ဘေးအန္တရာယ်များကို ရှာဖွေဖေါ်ထုတ်ခြင်းဆိုသည်မှာ အလုပ်ခွင်အတွင်းနှင့် ယင်းနှင့်ဆက်စပ်လုပ်သည့် ပြုလုပ်မှုလုပ်ငန်းစဉ် (Production or Service Process) များတွင် တည်ရှိနိုင်သည့် ဘေးအန္တရာယ်များ(Hazards)ကို ရှာဖွေဖေါ်ထုတ်သည့် လုပ်ငန်းစဥ် တစ်ရပ်ဖြစ်ပါသည်။ ဘေးအန္တရာယ်ရှာဖွေဖေါ်ထုတ်ခြင်းလုပ်ငန်းစဉ်ကို ပိုမိုသိရှိ နားလည်နိုင်ရန် ပထမဦးစွာ အန္တရာယ်၏ သဘာဝကို နားလည်သိရှိထားရန် လိုအပ်ပါသည်။ လုပ်ငန်းခွင်အန္တရာယ်(Occupational Hazards)သည် လူ ၊ အန္တရာယ်ရှိသော ပစ္စည်း ၊ အန္တရာယ်ရှိသော လုပ်ငန်းစဥ်၊ စက်ကိရိယာများနှင့် အလုပ်ခွင် ပတ်ဝန်းကျင်တို့မှ ပေါ်ပေါက်လာနိုင်ပါသည်။ အလုပ်ခွင်ရှိ အန္တရာယ်များကို အောက်ပါအတိုင်း အုပ်စု (၆) ခု ခွဲခြားနိုင်ပါသည်-
(က) ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များ (Physical Hazards)
(ဥပမာ - အပူ ၊ အအေး ၊ ဆူညံသံ စသည်)
(ခ ) ဓါတုဗေဒဆိုင်ရာ အန္တရာယ်များ (Chemical Hazards)
(ဥပမာ - အဆိပ်ငွေ့ ၊ လောင်စားတတ်သော အရည်များ စသည် )
(ဂ ) စက်မှုနည်းပညာဆိုင်ရာအန္တရာယ်များ (Mechanical Hazards)
(ဥပမာ -စက်ကိရိယာများ )
(ဃ) ဇီဝဗေဒ ဆိုင်ရာအန္တရာယ်များ (Biological Hazards)
(ဥပမာ - ကူးစက်နိုင်သော ရောဂါပိုးများ )
(င ) လျှပ်စစ်ဆိုင်ရာအန္တရာယ်များ (Electrical Hazards)
(ဥပမာ - လျှပ်စစ်မီးလောင်ခြင်း ၊ လျှပ်စစ်ဓါတ်လိုက်ခြင်း )
(စ ) လူနှင့်အလုပ်သဟဇာတ မဖြစ်ခြင်း အန္တရာယ်များ (Ergonomics Hazards)
(ဥပမာ - ကိုယ်နေဟန်ထား မမှန်ဘဲ အလုပ်လုပ်ကိုင်ရခြင်း )
(ဆ) စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များ (Psychological Hazards)
(ဥပမာ- စိတ်ဖိစီးမှုများြခင်း ၊ အချိန်ပို လွန်ကဲစွာ လုပ်ကိုင်ရခြင်း ၊ အန္တရာယ်များသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ရခြင်း)
အန္တရာယ်များကို ရှာဖွေဖေါ်ထုတ်ခြင်း လုပ်ငန်းစဥ် (Hazard Identification) အား အလုပ်ခွင် နယ်ပယ်ခွဲခြား သတ်မှတ်၍ ဆောင်ရွက်လျှင် ပိုမိုသင့်တော်ကောင်းမွန်ပါလိမ့်မည်။ အန္တရာယ်ရှိသော စက်ရုံ ၊ လုပ်ငန်းစဥ်နှင့် အလုပ်ခွင် ပတ်ဝန်းကျင်တို့ရှိရာ နယ်ပယ်၊ ဧရိယာများကို ဦးစားပေး၍ ရှာဖွေ ဖေါ်ထုတ်သင့်ပါသည်။ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများသည် ယင်းတို့လုပ်ကိုင်နေရသည့် လုပ်ငန်းခွင်နှင့်ဆက်စပ်သော အတွေ့အကြုံများရှိကြသည့်အလျောက် အန္တရာယ်ရှာဖွေဖေါ်ထုတ်မှုလုပ်ငန်းစဥ်တွင် ယင်းတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်လာအောင် စေ့ဆော်စည်းရုံး စီမံဆောင်ရွက် သင့်ပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်များကို ရှာဖွေဖေါ်ထုတ်ရာတွင် အသုံးပြုသော နည်းလမ်း (၃)သွယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) လုပ်ငန်းခွင်ရှိ သတ်မှတ်ထားသည့် နေရာနှင့် ထိုနေရာရှိ လုပ်ဆောင်မှု (Activities) အားလုံးကို စစ်ဆေးခြင်း ၊
(ခ ) လုပ်ငန်းသဘာဝအလိုက် လုပ်ငန်းခွင် အခြေအနေများအား ခွဲခြား၍ စစ်ဆေးခြင်း ၊
(ဂ ) ကုန်ကြမ်းအဆင့်မှ ကုန်ချောထွက်ပေါ်လာသည်အထိ ပြုလုပ်မှု လုပ်ငန်းစဥ်အဆင့်အားလုံးကို စစ်ဆေးခြင်း၊
ယေဘုယျအားဖြင့် အများဆုံး အသုံးပြုသည့် နည်းလမ်းမှာ ပထမနည်းလမ်းဖြစ်၍ အန္တရာယ်များကို ရှာဖွေဖေါ်ထုတ်ပြီးသည်နှင့်တပြိုင်နက် ယင်းအန္တရာယ်များအား စိစစ်တိုင်းတာ အကဲဖြတ်နိုင်ရန် စာရင်းပြုစုထားသင့်ပါသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၄ )
===================================================
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု စနစ် (Occupational Health and Safety Management System, OHSMS)တစ်ရပ်တွင် အနည်းဆုံး အောက်ဖေါ်ပြပါ လုပ်ငန်းစဥ် (၆) ရပ် ပါဝင်သင့်ပါသည် -
(က) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာမူဝါဒ ရေးဆွဲချမှတ်ခြင်း၊
(ခ ) လုပ်ငန်းခွင် အန္တရာယ်များကို ရှာဖွေဖေါ်ထုတ်ခြင်း ၊
(ဂ ) အန္တရာယ်ရှိမှု စိစစ်အကဲဖြတ်ခြင်း ၊
(ဃ) အန္တရာယ်ထိန်းချုပ်ခြင်း၊
(င) အလုပ်နှင့်ဆက်နွှယ်သည့် မတော်တဆထိခိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်း များ နှင့် ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးခြင်း ၊
(စ ) အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အစီအမံများကို ကြိုတင်စီစဉ်ဆောင်ရွက်ခြင်း ၊
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒ (OSH Policy) ရေးဆွဲချမှတ်ခြင်း
---------------------------------------------------------------------------------------
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်တွင် ဦးစွာဆောင်ရွက်ရမည့် လုပ်ငန်းစဥ်တစ်ရပ်မှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒချမှတ်ခြင်းပင် ဖြစ်ပါသည်။ အဆိုပါ မူဝါဒသည် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွွဲမှုစနစ်တွင် အခြေခံ အကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်သဖြင့် ယင်းမူဝါဒတွင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနက လက်တွေ့လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် ရည်မှန်းချက်များ (Objectives) ပါရှိရမည်ဖြစ်ပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာမူဝါဒတွင် အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ၊ ကျန်းမာရေးနှင့် အသက်ရှင်သန် ဘဝရပ်တည်ရေးတို့အတွက် စက်ရုံ ၊ အလုပ်ရုံ ၊ လုပ်ငန်းဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းပိုင်ရှင်/ထိပ်ပိုင်းစီမံခန့်ခွဲသူများ၏ ကတိကဝတ်ပြုမှုများ(Commitments)ကို ထည့်သွင်းဖေါ်ပြရမည်ဖြစ်ပါသည်။ ထိုမူဝါဒကို ထိပ်ပိုင်းစီမံခန့်ခွဲသူများ(Top Management) က စတင်ရေးဆွဲရမည်ဖြစ်၍ တိုတိုနှင့် လိုရင်းကို တိကျစွာ ရေးသားသင့်ပြီး အောက်ခြေအဆင့် ဝန်ထမ်းများအထိ သိရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်သည်။ ထို့ပြင် ယင်းမူဝါဒသည် အလုပ်သမား တစ်ဦးချင်းစီနှင့်ဆက်စပ်နေသင့်ပြီး အလုပ်သမားအားလုံး သိရှိစေရန် စီမံဆောင်ရွက်ထားသင့်ပါသည်။
(ဆက်လက်ရေးသားတင်ဆက်ပါမည်)
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၃ )
===================================================
မတော်ဆထိခိုက်မှု၏ အကျိုးဆက်များ
-------------------------------------------------
မတော်တဆ ထိခိုက်မှုကြောင့် လူ့သက်တမ်း မစေ့မီ သေဆုံးသွားလျှင် သော်လည်းကောင်း၊ မသန်စွမ်းမှု(ဒုက္ခိတ)ဖြစ်လျှင် သော်လည်းကောင်း ၊ ကာယကံရှင် အလုပ်သမား ၊ ယင်း၏မိသားစု ၊ လုပ်ငန်းအဖွဲ့အစည်းနှင့် နိုင်ငံတော်တွင် ဆုံးရှုံးမှုများစွာဖြစ်စေနုိင်ပါသည်။ ကာယကံရှင် အလုပ်သမား အနေဖြင့် နာကျင်မှု ဝေဒနာခံစားရခြင်း၊ ဒုက္ခိတဘဝဖြစ်ရခြင်း (သို့မဟုတ်) အသက်ဆုံရှုံးရခြင်းတို့ကို ကြုံတွေ့ခံစားရမည်ဖြစ်ပြီး ယင်းအား မှီခိုသူ မိသားစုအနေဖြင့် စီးပွားရေးအခြေအနေ ထိခိုက်ခြင်း၊ ပူဆွေးသောကရောက်ရခြင်းနှင့် လူမှုဘဝလုံခြုံမှုကို ထိခိုက်ခြင်းတို့ကို ကြုံတွေ့ခံစားရမည်ဖြစ်ပါသည်။
လုပ်ငန်းအဖွဲ့အစည်းအနေဖြင့် ကျွမ်းကျင်လုပ်သားဆုံးရှုံးရခြင်း၊ လုပ်ငန်းစဉ်သုံး ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးရခြင်း၊ အလုပ်ချိန်နှင့် လုပ်အားများ လေလွင့်ဆုံးရှုံးရခြင်း ၊ ထိခိုက်မှုအတွက် ဆေးကုသစရိတ်ကုန်ကျခြင်း၊ လျော်ကြေးပေးရခြင်း ၊ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုကို ခံယူရခြင်း နှင့် အဖွဲ့အစည်းအတွင်းရှိ အလုပ်သမားများ၏ စိတ်ဓာတ်ရေးရာ ထိခိုက်ခြင်းများ ကြုံတွေ့ခံစားရမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ကုန်ထုတ်စွမ်းအား ကျဆင်းခြင်း၊ ထုတ်လုပ်မှု စရိတ်မြင့်၍ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်း ၊ မသန်စွမ်းသူ (ဒုက္ခိတ) ပိုမို များပြားလာနိုင်ပြီး ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်နေသော နိုင်ငံတော်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်းတို့ကို ကြုံတွေ့ရနိုင်ပါသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း- ၂ )
===================================================
မတော်တဆ ထိခိုက်မှု ဖြစ်ပွားရသည့် အခြေခံ အကြောင်းအရင်း
-------------------------------------------------------------------------------
လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှု ဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းအရင်းများမှာ ဘေးအန္တရာယ် မကင်းသော လုပ်ငန်းခွင် အခြေအနေ (Unsafe Condition)နှင့် အလုပ်သမားများ (သို့မဟုတ်) လူ၏ ဘေးအန္တရာယ်မကင်းသော အပြုအမူ (Unsafe Action) တို့ကြောင့်ဖြစ်ပါသည်။ အလုပ်ခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန််းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ရပ် ရေးဆွဲဖေါ်ထုတ် ကျင့်သုံးမှု မရှိလျှင် (သို့မဟုတ်) ကျင့်သုံးသော်လည်း ယင်းစနစ်ကို စီမံခန့်ခွဲမှု အားနည်းလျှင် မတော်တဆထိခိုက်မှု ပိုမိုဖြစ်ပွား လေ့ရှိပါသည်။
ဘေးအန္တရာယ်မကင်းသော လုပ်ငန်းခွင် အခြေအနေအချို့မှာ အောက်ပါအတိုင်းဖြစ်သည် -
(က) စက်ကိရိယာများတွင် လိုအပ်သော အကာအရံမရှိခြင်း၊
(ခ ) စက်ကိရိယာများ၏ တည်ဆောက်ပုံနှင့် နေရာချထားမှု စနစ်မကျခြင်း ၊
(ဂ ) လူနှင့်အလုပ်သဟဇာတ မဖြစ်ခြင်း ၊
(ဃ) ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိယာများ ကို အသုံးမပြုခြင်း ၊
(င ) လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ ညံ့ဖျင်းခြင်း ၊
ဘေးအန္တရာယ်မကင်းသော အလုပ်သမား၏ အပြုအမူများအနက် အချို့မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(က) တာဝန်မပေးဘဲ ဝင်ရောက်လုပ်ကိုင်ခြင်း ၊
(ခ ) ကျွမ်းကျင်မှုမရှိဘဲ လုပ်ကိုင်ခြင်း ၊
(ဂ ) လုပ်ငန်းခွင် စည်းမျဥ်း၊စည်းကမ်းများကို မလိုက်နာခြင်း၊
(ဃ) ပေါ့ဆခြင်း ၊
(င ) အလွယ်လမ်းလိုက်ခြင်း(ဖြတ်လမ်းနည်းအသုံးပြုခြင်း)၊
(စ ) လျော့ရဲသော အဝတ်အစားများကိုဝတ်ဆင်လုပ်ကိုင််ခြင်း
(ဆ) နောက်ပြောင်ခြင်း၊
(ဇ) အရက်သေစာ သောက်စားခြင်း၊
လုပ်ငန်းခွင် မတော်တဆထိခိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ရာတွင် ဘေးအန္တရာယ်မကင်းသော လုပ်ငန်းခွင် အခြေအနေ (သီးသန့်)ကြောင့် ၄% ဖြစ်ပွား၍ အလုပ်သမား၏ ဘေးအန္တရာယ် မကင်းသော အပြုအမူ (သီးသန့်)ကြောင့် ၁၄% ဖြစ်ပွားပြီး ဘေးအန္တရာယ်မကင်းသော လုပ်ငန်းခွင် အခြေအနေနှင့် အပြုအမူ နှစ်ရပ်ပေါင်းစပ်ခြင်းကြောင့် ၈၀% ဖြစ်ပွားကာ သဘာဝ အကြောင်းတရားကြောင့် ၂% ဖြစ်ပွားကြောင်း နိုင်ငံတကာ လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။
(ဆက်လက်ဖော်ပြပါဉီးမည်)
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား (အပိုင်း-၁)
=============================
လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါများ (Occupational Accidents and Diseases) မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်တားဆီးခြင်း(Prevention Measures)ဖြင့် အလုပ်သမားများသည် ယင်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာစွာ အလုပ်တာဝန်ကို ထမ်းဆောင်နိုင််စေရန် ရည်ရွယ်၍ လည်းကောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ဒေသတွင်း စံချိန်စံညွှန်းများကို သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်များကို ဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ လည်းကောင်း ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ လုပ်ငန်းပိုင်ရှင် ၊ မန်နေဂျာတိုင်းသည် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် (Occupational Health and Safety Management _ OHSMS) ဆိုင်ရာ အခြေခံ သဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖေါ် ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင် ပတ်ဝန်းကျင် ဖန်တီးနိုင်ခြင်း၊ ယင်းတို့၏ လုပ်ငန်းခွင်တွင် အချိန်အခါမရွေး တွေ့ကြုံလာနိုင် သည့် ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းသိရှိလျက် ကာကွယ်ထိန်းချုပ်မှုများဆောင်ရွက်နိုင်ခြင်းဖြင့် ယင်းတို့၏ ဝန်ထမ်း၊ အလုပ်သမားများနှင့် အများပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်စေရန်် ရည်ရွယ်ပါသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ် (Occupational Hazards) အမျိုးအစားများ
=================================================
လုပ်ငန်းခွင် ဘေးအန္တရာယ်များကို အောက်ပါအတိုင်း အမျိုးအစား (၄)မျိုး ခွဲခြားနိုင်ပါသည်-
(က) မြင်နိုင်၊ သိနိုင်သည့် ဘေးအန္တရာယ်။ ။ သာမန်မျက်စိဖြင့် မြင်နိုင်၊ သိနိုင်ပြီး ထိတွေ့ပါက ချက်ချင်းဆိုးကျိုး (Accute Effects)ခံစားရနိုင်သည့် အန္တရာယ်မျိုးဖြစ်ပါသည်။ (ဥပမာ- လည်ပတ်နေသော စက်ကိရိယာ အစိတ်အပိုင်းများ)
(ခ) မမြင်နိုင်၊ သိနိုင်သည့် ဘေးအန္တရာယ်။ ။ လူတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း ထိတွေ့ပါက ချက်ချင်းဆိုးကျိုးခံစားရနိုင်သော အန္တရာယ်မျိုးဖြစ်ပါသည်။ (ဥပမာ- လျှပ်စစ် အန္တရာယ် သို့မဟုတ် အဆိပ်အတောက်ပြင်းသည့် ဓါတ်ငွေ့များ)
(ဂ) မြင်နိုင်၊ မသိနိုင်သည့် ဘေးအန္တရာယ်။ ။ထိတွေ့ပါက ချက်ချင်း အကျိုးမပေးဘဲ အချိန်ကာလ တစ်ခုကြာမြင့်မှ ဆိုးကျိုးခံစားရနိုင်သည့် အန္တရာယ်မျိုးဖြစ်ပါသည်။ (ဥပမာ- အမှုန်အမွှားများကို ရှူရှိုက်ရခြင်း၊ ဆူညံသံကို ထိတွေ့ခံစားရခြင်း)
(ဃ) မမြင်နိုင်၊ မသိနိုင်သည့်ဘေးအန္တရာယ်။ ။ လူတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်၊ မသိနိုင်ဘဲ ထိုအန္တရာယ်ကို ထိတွေ့ပါက ကာလကြာရှည်မှ ဆိုးကျိုးပေး တတ်သည့် အန္တရာယ်မျိုးဖြစ်ပါသည်။ (ဥပမာ- ဓါတုဗေဒပစ္စည်းများ ထိတွေ့ကိုင်တွယ်လုပ်ကိုင်ရခြင်း၊ အမှုန်အမွှား၊ အခိုးအငွေ့များကို ရှူရှိုက်ရခြင်း)
ဘေးအန္တရာယ် (hazards)၏ အဓိပ္ပါယ်
============================
ဘေးအန္တရာယ် ဆိုသည်မှာ အလုပ်သမား သို့မဟုတ် ယင်းကို ထိတွေ့ကိုင်တွယ်သူအား ထိခိုက်နာကျင်စေနိုင်သော သို့မဟုတ် ကျန်းမာရေးထိခိုက်စေနိုင်သော စွမ်းအင်တစ်ရပ်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ထိုအလုပ်သမား သို့မဟုတ် ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသော (သို့မဟုတ်) ကျန်းမာရေးကို ထိခိုက်စေပြီး ကုန်ထုတ်လုပ်မှု စွမ်းအားကို ကျဆင်းစေနိုင်သော အခြေအနေတစ်ရပ် ဖြစ်ပါသည်။
မတော်တဆထိခိုက်မှု (Accident) ၏ အဓိပ္ပါယ်
================================
မတော်တဆ ထိခိုက်မှု ဆိုသည်မှာ ထိခိုက်နာကျင်မှု ၊ နာမကျန်းမှု (သို့မဟုတ်) ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေသည့် မျှော်လင့်မထားသော ၊ ကြိုတင်စီစဥ်မထားသော၊ မလိုလားသော ဖြစ်ရပ် (သို့မဟုတ်) ယင်းဖြစ်ရပ်၏ အကျိုးဆက်တစ်ခုဖြစ်သည်။
Click here to claim your Sponsored Listing.
Category
Website
Address
08011