HNKA Burmese Blog
ကိုယ်ဘာမှ မပိုင်တဲ့လောကကြီးမှာ
ဆုံးရှုံးရမှာ တွေးကြောက်နေသေးတာလား။
-Marcus Aurelius
07/11/2025
အသက် ၆၆ နှစ်အရွယ် ဒိုင်ယန်း - Diane က 'မိန်း' Maine ပြည်နယ်မှာရှိတဲ့ အထီးကျန်ဆုံး တံတားပေါ်မှာ ဖြတ်သန်းခ ကောက်ခံသူပါ။
နှစ်ပေါင်း ၂၈ နှစ်ကြာတဲ့အထိ ငွေကောက်ခံတဲ့ အခန်းလေးထဲမှာပဲ ထိုင်နေခဲ့ရတာပါ။
သူ့ ရှေ့ရပ်လာတဲ့ကားကို လက်ပြနှုတ်ဆက်ပါတယ်။
ဖြတ်သန်းခ ၃ ဒေါ်လာ ဆင့် ၅၀ ကိုယူ၊ နောက်ကားတစ်စီးကို ထပ်ကောက်....သူ့ရဲ့နေ့စဥ်အလုပ်က ဒါပါပဲ။
သူမမှာ ထူးခြားတဲ့အမှု အကျင့်တစ်ခု ရှိပါတယ်။
ဒိုင်ယန်းက မျက်နာ တစ်ခုကို မြင်ပြီးရင် သူ ဘယ်တော့မှ မမေ့တတ်ပါဘူး။
နေ့စဉ်ဖြတ်သန်းသွားလာတဲ့ သူတွေထဲက တစ်ပတ်ထက်တစ်ပတ် ပိုပိန်လာတဲ့ ကောလိပ်ကျောင်းသားလေးကို သတိထားမိခဲ့ပါတယ်။
ဖြတ်သန်းသွားတိုင်း လက်တွေ ပိုတုန်လာတဲ့ စီးပွားရေးသမားတစ်ယောက်ကိုလည်း သူသတိထားမိပါတယ်။
ဖြတ်သွားတိုင်း လမ်းတွေမေးတတ်တဲ့၊ သက်ကြီးရွယ်အို အမျိုးသမီး တစ်ယောက်လည်း တဖြည်းဖြည်း မှတ်ဉာဏ်များ ဆုံးရှုံးလာနေကြောင်း သူသတိထားမိပါတယ်။
အောက်တိုဘာ နံနက်ခင်းရဲ့တစ်နေ့မှာ ကောလိပ်ကျောင်းသားလေး တိုင်လာ - Tyler မျက်ရည်များ ရစ်ဝဲကာ သူ့လက်ထဲက အကြွေစေ့တွေ..... ဒိုင်ယန်းကို ပေးပါတယ်။
"ဒါ ကျွန်တော့်မှာ ကျန်တာ အကုန်ပဲ"
"ဖြတ်သန်းခအတွက်လား" ဟု ဒိုင်ယန်းက ညင်သာစွာ မေးလိုက်ပါတယ်။
"အကုန်လုံး အတွက်ပါ" သူရဲ့ အသံက တိမ်ဝင်သွားပါတယ်။
"ကျွန်တော် ကျောင်းထွက်တော့မယ်။ စားဖို့နဲ့ ကျောင်းစရိတ် မတတ်နိုင်တော့ဘူး။ ကျွန်တော့်အမေက အလုပ်သုံးခု လုပ်နေရတယ်... ကျွန်တော်ကတော့... သူ့ကို စိတ်ပျက်အောင် လုပ်မိနေပြီ"
ဒိုင်ယန်းက ဘယ်တုန်းကမှ မလုပ်ဖူးတဲ့အရာကို လုပ်လိုက်ပါတယ်။ ငွေမယူဘဲ.... ဖြတ်သွားဖို့ လက်ပြလိုက်တာပါ။
"မင်းရဲ့ ပိုက်ဆံ မဟုတ်ဘူး၊ မင်းရဲ့အကြောင်းကို မနက်ဖြန် ငါ့ဆီ ယူလာခဲ့"
နောက်တစ်နေ့ ''တိုင်လာ'' ပြန်လာခဲ့ပါတယ်။ သူမ အနားယူချိန်အတွင်း မိနစ် ၂၀ ခန့် စကားပြောကြပါတယ်။
သူဟာ ဆေးပညာ မေဂျာယူထားသူဖြစ်ပြီး ထူးချွန်ပေမယ့် ငွေကြေးချို့တဲ့သူ ဖြစ်ကြောင်း ဒိုင်ယန်း သိလိုက်ရပါတယ်။
ထိုညမှာ ဆေးရုံအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ သူမရဲ့ အစ်မကို ဖုန်းဆက်လိုက်ပါတယ်။
"အခွင့်အလမ်းလိုအပ်နေတဲ့ ကလေးတစ်ယောက် ငါ့မှာ ရှိတယ်"
"တိုင်လာ''ဟာ လစာရတဲ့ အလုပ်သင် တစ်ယောက်ဖြစ်သွားပြီး ကျောင်းကို ဆက်လက် တက်နိုင်ခဲ့ပါတယ်။
သူတတ်နေတဲ့ မေဂျာမှာဂုဏ်ထူးတွေနဲ့ ဘွဲ့ရခဲ့ပါတယ်။
သူမ ဖြေရှင်းပေးခဲ့တာ... ''တိုင်လာ'' တစ်ယောက်ထဲ မဟုတ်ပါဘူး။
လက်တုန်နေတဲ့ စီးပွားရေးသမားလည်း ပါ ပါတယ်။
ဒိုင်ယန်းဟာ မနက် ၇ နာရီလောက်ကတည်းက တိုလူ့ဆီကနေ အရက်နံ့ရနေတာကို သတိပြုမိခဲ့ပါတယ်။
သူမက အရက်ဖြတ်စခန်းတစ်ခုရဲ့ကတ်ပြားတစ်ခုကို သူမရဲ့အလုပ်ဆင်း အချိန်ဇယားနှင့်အတူ သူ့လက်ထဲ တိတ်တဆိတ် ထည့်ပေးလိုက်ပါတယ်။
"မင်း အရက်သောက်မယ့်အစား... စကားပြောချင်ရင် မနက်တိုင်း ငါ ဒီမှာ ရှိတယ်" လို့ နှစ်ယောက်ထဲကြားရုံ မှာလိုက်ပါတယ်။
ခြောက်လအကြာမှာ အရက်ပြတ်ပြီး သူပြန်ရောက်လာပါတယ်။ မျက်ရည်တွေနဲ့ ကျေးဇူးတင်စကား ပြောပါတယ်။
သက်ကြီးရွယ်အို အမျိုးသမီးကိုလည်း ကူညီခဲ့ပါတယ်။
ဒိုင်ယန်းက သူမရဲ့ခရီးစဉ်တွေကို မှတ်တမ်းတင်ထားခဲ့ပြီး တစ်နေ့လျှင် တံတားကို ငါးကြိမ်လောက် ဖြတ်နေတာ သတိထားမိပါတယ်။
သူမရဲ့ မှတ်ဉာဏ်ဟာ တဖြည်းဖြည်း လျော့နည်းနေလို့ လမ်းကြောင်းတွေ ရှုပ်ထွေးလာနေတယ်ဆိုတာ သူ သတိပြုမိပါတယ်။
ဒိုင်ယန်းက သက်ကြီးရွယ်အိုကာကွယ်ရေးဌာနကို အကြောင်းကြားခဲ့ပါတယ်။
သူတို့ဟာ အစောပိုင်း'အယ်လ်ဇိုင်းမား'ရောဂါရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ထိုအမျိုးသမီးဟာ ကိုယ့်ကိုယ်ကို မထိခိုက်မီ အကူအညီ ရသွားခဲ့ပါတယ်။
ဒိုင်ယန်းက မှတ်စုစာအုပ် တစ်အုပ် ဆောင်ထားပါတယ်။
သူမရဲ့တံတားပေါ် ကိုဖြတ်သန်းသွားကြတဲ့ သူတွေထဲက ဒုက္ခရောက်နေသူတိုင်းကို မှတ်တမ်းတင်ထားပါတယ်။
သူမက အိမ်ရာမဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ကို နေစရာ ရှာပေးခဲ့ပါတယ်။
အိမ်တွင်းအကြမ်းဖက်ခံရသူတစ်ယောက်ရဲ့ဒဏ်ရာတွေကိုမြင်တဲ့အခါ ရဲကိုခေါ်ပြီး လွတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်။
မိမိကိုယ်ကို သတ်သေဖို့ ကြံစည်နေတဲ့ ဆယ်ကျော်သက်လူငယ်တစ်ယောက်ကို...
"မင်းနာမည် ဘယ်သူလဲ?''
" မင်းအကြောင်း ပြောပြပါဦး" လို့ ရိုးရှင်းတဲ့ စကားတွေ အပြန်အလှန်ပြောပြီး ကယ်တင် နိုင်ခဲ့ပါတယ်။
တစ်နေ့မှာ ဒိုင်ယန်းရဲ့ တံတားဖြတ်သန်းခ ကောက်တဲ့ နေရာလေးကို အလိုအလျောက် စက်တွေနဲ့ အစားထိုးလိုက်ပါတယ်။
ဘတ်ဂျက်ဖြတ်တောက်မှုကြောင့်ဖြစ်ပါတယ်။လုပ်သက် ၂၈ နှစ်ကြာပြီးနောက် သူမ အလုပ်ထုတ်ခံလိုက်ရပါတယ်။
နောက်တစ်နေ့မနက်မှာတော့ တံတားနားမှာ ကား ၂၀၀ ခန့်ဟာ တံတားဖြတ်ဖို့မဟုတ်ဘဲ ဆန္ဒပြဖို့ လာရောက် တန်းစီနေခဲ့ကြတာပါ။
ယခုဆို အလုပ်သင်ဆရာဝန် ဖြစ်နေတဲ့ ''တိုင်လာ''က ဦးဆောင်တာပါ။
အရက်ပြတ်သွားတဲ့ စီးပွားရေးသမားနဲ့သူ့မိတ်ဆွေတွေ.....အဘွားအိုရဲ့ သမီးနဲ့သူမရဲ့မိတ်ဆွေတွေ...သူမအကူအညီပေးခဲ့တဲ့ တခြားသူတွေ... အားလုံးရဲ့လက်ထဲမှာ....
"ဒိုင်ယန်းက... ဒီနေရာကနေ လူပေါင်းများစွာကို ကယ်ခဲ့တယ်" ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြပါတယ်။
ဒေသခံ သတင်းထောက်တွေ ရောက်လာကြပါတယ်။
" လူပေါင်းများစွာကို တိတ်ဆိတ်စွာ ကယ်တင်ခဲ့သည့် ဖြတ်သန်းခ ကောက်ခံသူ အလုပ်ထုတ်ခံရ" ဆိုသော သတင်းက ပျံ့နှံ့သွားပါတယ်။
ပြည်နယ်အစိုးရက ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး...
ဒိုင်ယန်းကို ပင်စင်အပြည့်နဲ့ စောစီးစွာ အနားယူဖို့ အဆိုပြုလိုက်ပါတယ်။
ဒါပေမယ့် သူမ ငြင်းပယ်ခဲ့ပါတယ်။
"လူတွေကို ဆက်မတွေ့ဘဲ နေဖို့ ကျွန်မ အဆင်သင့် မဖြစ်သေးဘူး" လို့ သူမက ရိုးရှင်းစွာ ပြောခဲ့ပါတယ်။
ယနေ့ဆို ဒိုင်ယန်းက အသက် ၆၉ နှစ်ရှိပြီဖြစ်ပါတယ်။ သူမဟာ ငွေကောက်ခံတဲ့အခန်းလေးထဲမှာပဲ အလုပ်လုပ်နေဆဲဖြစ်ပါတယ်။
အားလုံးကို မှတ်မိနေဆဲလည်းဖြစ်ပါတယ်။ ဖြတ်သန်းခ ၃ ဒေါ်လာ၊၅၀ ဆင့် ကောက်ခံရင်း အကူအညီလိုအပ်နေသူတွေကို ကူညီနေဆဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ သတိမထားမိတဲ့အရာကို ဒိုင်ယန်းက သတိထားမိနေတာကြောင့်ဖြစ်ပါတယ်။
ငွေပေးငွေယူတိုင်းက လူသားချင်း ဆက်နွှယ်ပေးတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။သူမဟာ တံတားဖြတ်သန်းခ ကောက်ခံတဲ့အခိုက်အတန့်ကို၊ လူတွေအပေါ် ကူညီတဲ့ အလုပ်အဖြစ်ပါ ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။
ကိုယ်အကူအညီပေးလိုက်တဲ့ ဘယ်သူစိမ်းမဆို တခြားသူတွေအတွက် အရေးပါတဲ့ ကမ္ဘာတစ်ခုဖြစ်နိင်ပါတယ်။
အောင်မြင်မှုဆိုတာ လူတွေကို ဘယ်လောက်မြန်မြန် ရှေ့ကို ရောက်စေတယ်ဆိုတာနဲ့ တိုင်းတာရတာမဟုတ်ပါဘူး။ သူတို့ အလိုအပ်ဆုံးအချိန်မှာ ဘယ်လောက် နှေးနှေး ရပ်ပေးနိုင်ခဲ့တယ်ဆိုတာနဲ့ တိုင်းတာရတာ ဖြစ်ပါတယ်။
သူတို့ကို အကူအညီပေးဖို့ ကုထုံးပညာရှင်ဘွဲ့တွေ ၊ သူရဲကောင်းဝတ်ရုံတွေ မလိုအပ်ပါဘူး။
သူတို့ ပြိုကွဲနေချိန်မှာ အာရုံစိုက်ပေးနေဖို့ပဲလိုအပ်တာပါ။
သူတို့ကို မြင်တယ်။ သူတို့ကို သတိထားမိနေတယ်။ သူတို့က အများအကြားမှာ ပျောက်ကွယ်မနေကြောင်း သက်သေပြဖို့ပါပဲ။
တံတားဖြတ်သန်းခ ကောက်ခံတဲ့ အခန်း တစ်ခန်း၊ မှတ်စုစာအုပ် တစ်အုပ်....လူတွေရဲ့ဒုက္ခတွေကို မကြည့်ဘဲ နေရန် ငြင်းဆန်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်....သူမက ကျွန်တော်တို့ရဲ့ လူ့ပတ်ဝန်းကျင်းကို အကျိုးပြုခဲ့ပါတယ်။
တံတားဖြတ်သန်းခ ကောက်ခံနေတဲ့ ဒိုင်ယန်းဆီမှာ နောက်ထပ် တံတားတစ်စင်းရှိပါသေးတယ်။
အဲ့ဒီတံတားက သူမရဲ့ ကြင်နာမှုတွေနဲ့တည်ဆောက်ထားပြီး.... ရည်မှန်းချက်တွေရှိတဲ့ တစ်ဖက်ကမ်းနဲ့ ဆက်သွယ်ပေးတဲ့ မျှော်လင့်ခြင်း တံတားပါပဲ။ဒီတံတားအတွက်တော့ ဖြတ်သန်းခ ပေးစရာ မလိုပါဘူး။
Saya U Khin Zaw ( ဘာသာပြန် )
HNKA Burmese Blog မျှ ပြန်လည်မျှဝေပါသည်။
လူတစ်ယောက်ရဲ့ ဘဝမှာ
ကံ ဉာဏ် လုံ့လ ဝီရိယ လေးပိုင်းရှိတယ်
ဉာဏ်မကောင်းပဲ ကံကောင်းလို့
အောင်မြင်နေတဲ့လူတွေလဲရှိတယ်
ကံကောင်းခြင်း ဆိုးခြင်းကတော့
ကျနော်တော့ထိန်းချုပ်လို့မရဘူး
ဒီတော့ ကျနော်တို့ ထိန်းချုပ်လို့ရတာ
၇၅% ရှိတာမို့ ကိုယ့်ရဲ့ဘဝမှာ
ကိုယ်လိုချင်တာ ဖြစ်ချင်တာတွေလုပ်ဖို့
ကံကိုအားမကိုပဲလုပ်မယ်ဆိုရင်
- ဉာဏ်ကောင်းဖို့ အိပ်ရေးဝဝအိပ်ပြီး
လေ့လာသင်ယူမှုတွေကို ကြိုးစားလုပ်
- ဝီရိယ ရှိရှိ လုပ်မယ်ဆိုတာကို
တကယ်ပြီးအောင်လုပ်
- လုံလရှိရှိ အခက်အခဲတွေ့ရင် မလျော့ပဲလုပ်
ဒါဆိုရင်၂၅% လောက်ပဲရှိတဲ့
ကံကိုအရမ်းအားကိုးစရာမလိုတော့ဘူးပေါ့ဗျာ
03/11/2025
အိပ်ယာထဲတွင် လဲလျောင်းနေခဲ့ရသည့် ရက်ပေါင်း မည်မျှကြာခဲ့ပြီ မသိတော့ပါ။ အစာနှင့် ရေမျှပင် မစား မသောက်နိုင်ခဲ့သည်မှာလဲ ရက်ပေါင်းအတော်ကြာခဲ့ပြီ။
ဝေဒနာအပေါင်းတို့သည် တစ်ချိန်နှင့် တစ်ချိန်၊ တစ်ရက်ထက်တစ်ရက် တစ်ရိပ်ရိပ် တိုး၍ တိုး၍သာ လာတော့သည်။ တစ်ခါတစ်ရံ သတိလစ်မျောနေလိုက်၊ တစ်ခါတစ်ခါ ပြန်သတိရလိုက် ဖြစ်နေသည်။
တစ်ခါတစ်ခါ
ဘေးမှ စကားပြောသံများကို သတိထားမိသည်။ မိမိကို စောင့်ကြည့် ပြုစုနေသူများ ရှိနေသေးသည်ဟု သိလိုက်သည်။
'သတိရလိုက်သည့် အချိန်များ' မှာတော့
မိမိ၏ ခန္ဓာကိုယ်ကို 'သတိ'ကပ်ပြီး ရှုမှတ်နေဖြစ်သည်။ အထူးသိနေရသည်မှာကား အလွန်တရာ ပြင်းထန်လှသော ဝေဒနာများပင်။
ရင်ထဲမှ ပူလောင်လှသော ခံစားမှု၊ တင်းကြပ်သော နေရခက်မှု၊ နာကျင်ခံခက်သော ဝေဒနာ၊ ဆာလောင်မွတ်သိပ်သော ဝေဒနာ၊ တစ်ခါတစ်ရံ အသက်ရှုရန်ခက်ခဲသော ဒုက္ခဝေဒနာတို့သည် တစ်ခါတစ်ရံ တစ်ခုပြီးတစ်ခု၊ တစ်ခါတစ်ရံ နှစ်ခု သုံးခု၊ တစ်ခါတစ်ရံ အစုလိုက်အပြုံလိုက်၊ တစ်ခါတစ်ရံ ခန္ဓာကိုယ်အနှံ့အပြားတို့မှ အပြင်းအထန် နှိပ်စက်လျက် ရှိသည်။ ခေါင်းတို့သည် မူးဝေနောက်ကျိလျှက်ရှိသည်။ တစ်ခါတစ်ရံ မခံနိုင်အောင် ထိုးထိုး၍ ကိုက်သေးသည်။ ခြေလက် ခန္ဓာကိုယ်တို့သည် လှုပ်ရှား၍မရ၊ လှုပ်ရှားရန်လည်း အင်အားမရှိ။
အင်မတန်နာကျင်လွန်းလှ၍ မခံနိုင်ပါက အနည်းငယ် လွန့်နိုင်သည်ဆိုရုံမျှသာ။ စကားပြောရန် ခွန်အားမရှိ၊ အာခေါင်တို့သည် ခြောက်ကပ်နေပြီး စေးထန်းလျှက်ရှိသည်။ ပါးစပ်ပင်မဟနိုင်။
မိမိကိုယ်ကို မိမိ သေသေချာချာ သိနေရသည်ကား သည်တောင်ကို ကျော်နိုင်တော့မည်မဟုတ်။ သည်အိပ်ယာပေါ်တွင် လဲလျောင်းခဲ့ခြင်းကား ဘ၀၏ နောက်ဆုံး လဲလျောင်းခြင်းပင် ဖြစ်သည်ဟု နားလည်လာခဲ့သည်။
“ယောဂီတို့… !!!
ဝေဒနာလေးများ ပေါ်လာပြီဆိုရင် သည်းခံပြီး မှတ်နိုင်အောင် ကြိုးစားကြ၊ သေခါနီးအခါကျရင် ဒီထက်ဆယ်ဆလောက် ပြင်းထန် တဲ့ ဝေဒနာကို ခံစားရလိမ့်မယ်။ အခုအချိန်ကတည်းက မကြိုးစား အားမထုတ်ထားဘူး ဆိုရင် သေရာညောင်စောင်း လဲလျောင်းရတဲ့ အခါကာလကျရင်
သြော်…! ငါအသက်ရှင်စဉ်ကာလက 'တရား'အားမထုတ်ခဲ့ရလေခြင်းဟု အကြီးအကျယ် နောင်တရနေလိမ့်မယ်။ ကြိုးစားသည်းခံပြီး ရှုမှတ်ပေးကြပါ” ....ဟူသော
တရားစခန်း၀င် အားထုတ်ခဲ့စဉ်က ဆရာတော်ဘုရား၏ မှာကြားနေသော အသံတို့ကို နားထဲမှာ ကြားယောင်လာပါသည်။
မှန်လိုက်တာဘုရား !!
တကယ်တန်းဆိုလျှင် အခုချိန်မှာ တပည့်တော်ခံစားနေရတဲ့ ဝေဒနာတွေဟာ တရားထိုင်စဉ်က ခံစားခဲ့ရတဲ့ ဝေဒနာထက် ဆယ်ဆမကပါဘူးဘုရား။ အဆပေါင်း ရာထောင်မက ပိုပြီး နာကျင်ခံစားရပါတယ်ဘုရားဟု စိတ်ထဲမှ ရေရွတ် ရင်း မေတ္တာစေတနာအပြည့်ဖြင့် သွန်သင်ပြသခဲ့သော ဆရာတော်ကို စိတ်ဖြင့်ရည်၍ ကန်တော့လိုက်မိသည်။
ဆရာတော်မှ စနစ်တကျသင်ကြားပြသပေးခဲ့သော 'ဝေဒနာရှုနည်းရှုကွက်' နှင့် 'သတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရား'တို့ကို တရားစခန်း အကြိမ်ကြိမ်၀င် အကြိမ်ကြိမ်လေ့ကျင့်ခဲ့သည်။ အိမ်မှာနေရင်းလည်း အချိန်ရတိုင်း မပြတ်အားထုတ်လေ့ကျင့်ခဲ့သည်။
'တရားအားထုတ်မှု' ကြောင့်... ဖြစ်ပေါ်လာသော ဝေဒနာတို့ကို အကြိမ်ကြိမ် သည်းခံနိုင်ခဲ့သည်။ အကြိမ်ကြိမ်ရှုမှတ်မှုဖြင့် ကျော်ဖြတ်လာနိုင်ခဲ့သည်။ တစ်ခါတစ်ရံ မကျန်းမာသည့်အခါများတွင်လည်း 'ဝေဒနာနုပဿနာကမ္မဋ္ဌာန်း'ကို ကြိုးစားပွားများခဲ့သည်။
သို့သော်လည်း .... တကယ့်'သေခြင်းတရား' နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသည့်အခါ 'ဝေဒနာ'တို့ကို ရှုမှတ်နိုင်ရန် မနည်း စိတ်တင်းထားရသည်။ မနည်းပင် ကြိုးစားအားထုတ်နေရသည်။
“သူက အသက်တော်တော် ပြင်းတာ ပဲ၊ မျောနေတာ ခြောက်ရက် လောက်တောင် ရှိပြီ၊ အသက် မထွက်နိုင်သေးဘူး” ဟူသော ညည်းညူသံ ပြောဆိုသံတွေကို ကြားနေရသည်။
“သူ့အနာတွေက အရမ်းဆိုးရွားနေပြီ၊ အပုပ်နံ့ကလည်း အရမ်းထွက်နေပြီ၊ ဒီအတိုင်းထားလြို မဖြစ်ဘူးထင်တယ်၊ အနားလည်း ဘယ်သူမှ မကပ်ချင်တော့ ဘူး။
‘ခေါင်း’ ထဲကို တစ်ခါတည်း ထည့်ထားရင်ကောင်းမယ်”
ဟူသော တစ်စုံတစ်ယောက်၏ ပြောဆိုသံတွေကို ကြားလိုက်ရသည်။
ဟုတ်ပေသားပဲ !
မထနိုင် မစောင်းနိုင်တာ ကြာပြီမို့
ကျောတွေ၊ တင်ပါးတွေ၊ ခြေလက် အောက်ပိုင်းတွေမှာ အပူလောင် နာတွေဖြစ်ပြီး ပြည်တွေတည်၊ သားငံရည်တွေကျ၊ ချွေးစေးတွေထွက်နဲ့ ကြာတော့လည်း အပုပ်နံ့တွေ ထွက်လာပြီပေါ့။
အခုမှပင် မိမိကိုယ်မိမိ သတိထားမိ လိုက်သည်။
ညှီစို့စို့၊ ပုပ်အဲ့အဲ့အနံ့များ…
သြော်…!
ငါ့ရဲ့ခန္ဓာကိုယ်က ထွက်နေတာပါလား…!!!
မသေခင်က ပုပ်နေသော ခန္ဓာကိုယ်ကြီးပါလား…!!!
အရင်တုန်းကတော့ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်၊ ယောင်္ကျားပီသသော ခန္ဓာကိုယ်၊
တင့်တယ်သော ခန္ဓာကိုယ်၊ ရေမွှေးနံ့သာတို့ဖြင့် သင်းထုံထားသော ခန္ဓာကိုယ်၊ မြင်တွေ့သူတိုင်းကို သဘောကျနှစ်ခြိုက်စေခဲ့သော ခန္ဓာကိုယ် ကို ပိုင်ဆိုင်ခဲ့သည်။
'စိတ်'က သွားချင်တိုင်း 'ကိုယ်'ကပါခဲ့သည်။
'စိတ်'က လုပ်ချင်သမျှကို 'ခန္ဓာကိုယ်'က ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ဤ'ခန္ဓာကိုယ်'ဖြင့် 'ကုသိုလ်'တွေလည်း လုပ်ခဲ့သည်။ 'အကုသိုလ်'တွေလည်း များစွာပြုခဲ့သည်။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးခဲ့သည်။ ငါလုပ်လျှင် အရာရာမှာ အောင်မြင်သည်။ နေရာတကာမှာ
ငါ…ငါ…ငါ… မာန်မာနတွေ ထောင်လွှားခဲ့သည်။
ငါသိတယ်။
ငါတတ်တယ်။
ငါလုပ်နိုင်တယ် ဆိုသည်မှစ၍
ငါ..ငါ့ဟာ…ငါ့ဥစ္စာ… ငါပိုင်တာ… စသည်ဖြင့်
“ငါ” လုံးတွေ မိုးမွှန်နေခဲ့သည်။
မိမိ၏ ပတ်၀န်းကျင်တွင်လည်း ကိုယ့်ကို ချစ်တဲ့ခင်တဲ့သူတွေ၊ ကိုယ့်ကို အထင်ကြီးလေးစားကြတဲ့သူတွေ၊
ကိုယ့်ကိုအရမ်းဂရုစိုက်ခဲ့တဲ့သူတွေ အများကြီးရှိခဲ့သည်။
မိမိပြောခဲ့သမျှ၊ လုပ်ခဲ့သမျှ အောင်မြင်ခဲ့သည်။
မိမိ၊ သူတပါး၊ ဇနီးမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာတွေကို 'ထာ၀ရ ငါပိုင်' သည်ဟု ထင်ခဲ့သည်။
အခုတော့ ဒီလိုမဟုတ်တော့။ ထင်ခဲ့တာတွေ တစ်ခုမှ မဟုတ်တော့။ မိမိပိုင်ဆိုင်တာဟူ၍ ဘာမျှမရှိတော့ပေ။
မိမိကို ချစ်ခင်လှပါသည် ဆိုသောသူတွေ ဘယ်ရောက်ကုန်ပြီလဲ....?။
တစ်ချိန်က
မိမိကို အထင်ကြီးလေးစား လှပါသည် ဟူသောသူတွေ ဘယ်ရောက်ကုန်ပြီလဲ....?။
မိမိ၏အနီးကပ်ဆုံး မိသားစုများ၊ မိမိအနီးအပါးမှာ ကျန်နေသူများမှာလည်း အပြင်ပန်းက သာ ပြုစုနိုင်ကြသည်။
မိမိ၏ ဝေဒနာတွေ၊ နာကျင်ခံစားမှုတွေကို ဘယ်သူမှ မကယ်နိုင်တော့ပြီ။
'အိုဘေး'ကို လွန်ခဲ့ပြီ။
အလွန်တရာဆိုးရွားလှသော 'နာဘေးဆိုးကြီး' နှင့် ဒိဋ္ဌဓမ္မ ကြုံတွေ့နေရပြီ။
'သေဘေး' နှင့်ကား လွန်စွာနီး ကပ်နေပေပြီ။
'သား'လည်းမကယ်နိုင်၊ 'သမီး'လည်းမကယ်နိုင်၊ 'ဇနီး'လည်း မကယ်နိုင်ပြီ။ များပြားလှစွာသော အဖော်အပေါင်းတို့သည်လည်း ယခုအခါ ဘာဆိုဘာမျှ လုပ်ပေးနိုင်စွမ်း မရှိတော့ပြီ။
မိမိ၏ နံစော်ပုပ်ဟောင်လှစွာသော၊ အနာရောဂါတို့နှင့် ပြည့်နှက်နေသော ဤခန္ဓာကိုယ်ကြီးကို ....
မည်သူကမှ ...
မထိလိုကွ၊
မကိုင်လိုကြ၊
မမြင်လိုကြ တော့ပြီ ကို ကောင်းစွာ သဘောပေါက် နားလည်လာသည်။
ကိုယ့်ကိုယ်ကိုရော ....
ဘာများ တွယ်တာစရာ ရှိပါသေးသနည်း...?။
လှုပ်ရှား၍ မရတော့သည့် ခန္ဓာကိုယ်ကြီး၊
ကိုယ်စေခိုင်း၍ မရတော့သည့် ခန္ဓာကိုယ်ကြီး၊ အနာရောဂါတို့ဖြင့် ပြည့်နှက် လျှက်ရှိသော ခန္ဓာကိုယ်ကြီး၊ ဝေဒနာတို့၏ မပြတ်နှိပ်စက်မှုကို ခံနေရသော ခန္ဓာကိုယ်ကြီး၊ အပုပ်နံ့လှိုင်နေသော ခန္ဓာကိုယ်ကြီး၊
သွေး, ချွေး, ပြည်, သားငံရည်တို့ဖြင့် လိမ်းကျံထားသော ခန္ဓာကိုယ်ကြီး၊
ဘယ်နေရာမှ တွယ်တာ စရာ၊ တပ်မက်စရာ၊ မက်မောစရာ၊ လိုချင်စရာမရှိတော့သည့် ခန္ဓာကိုယ်ကြီး၊ ဘယ်သူကမှလည်း မလိုချင်တော့၊ မိမိကိုယ်တိုင်လည်း မလိုချင်တော့၊ မပိုင်ချင်တော့၊ ဤခန္ဓာကိုယ်ကြီးပါလား....!!!
ဟူသော 'သံဝေဂဥာဏ်' တို့သည် ထင်ရှားစွာဖြင့် တဖွားဖွား ဖြစ်ပေါ်လာသည်။
“'အိုဘေးဒုက္ခ'တွေ့ကြုံရ 'သား'က မကယ်ပြီ၊ 'နာဘေးဒုက္ခ'တွေ့ကြုံရ 'သမီး'က မကယ်ပြီ၊ 'သေဘေးဒုက္ခ'တွေ့ကြုံရ 'ဇနီး'က မကယ်ပြီ” ဆိုသလို
'အိုဘေး၊ နာဘေး၊ သေဘေး'နဲ့ တွေ့ကြုံတဲ့အခါမှာ
'ဇနီး၊ သားမယား၊ မိဘဆွေမျိုး၊ အပေါင်းအသင်း' တွေက ဘယ်သူမှလာပြီး ကယ်တင်နိုင်မှာ မဟုတ်ဘူး။
အဲဒီ
'အိုဘေး၊ နာဘေး၊သေဘေး' ဆိုတဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် အဖော်ကောင်းဆိုတာ .....
ကိုယ့်ရဲ့ကျင့်ကြံအားထုတ်ထားတဲ့ 'တရား'ပဲ !
မိမိသဏ္ဍာန်မှာ 'ဝိပဿနာတရား'ဆိုတဲ့ အဖော်ကောင်းလေးရှိပါစေ” ဟူသော ဆရာတော် အကြိမ်ကြိမ် ဆုံးမခဲ့သည့် တရားသံများ ကို ပြန်လည်ကြားယောင် မိလာသည်။
မှန်လိုက်တဲ့စကားတွေပါဘုရား!!!
အခုချိန်မှာ ...
တပည့်တော်မှာ အရင့်အရင် အချိန်က ကြိုးစားအားထုတ် လေ့ကျင့်ခဲ့သော 'တရား'တွေမှ တပါး 'အဖော်ကောင်း'ဆိုတာ မရှိပါဘုရား...!!! ဟု စိတ်ထဲမှ လျှောက်ထားမိသည်။
လက်ရှိခံစားတွေ့ကြုံနေရသော ဒုက္ခအပေါင်းတို့မှ လွတ်မြောက်နိုင်ရန် 'တရား'မှတပါး တစ်ခြားသော 'အားကိုးစရာ' မရှိတော့ပြီ။
'ဇနီး၊ သား၊ သမီး၊ ပစ္စည်းဥစ္စာ' တို့သည် အာရုံထဲတွင် မရှိတော့။ မိမိလေ့ကျင့်ခဲ့သော 'တရား' တို့ကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း ခန္ဓာကိုယ်ထဲသို့ 'ဥာဏ်' စိုက် လိုက်သည်။
များစွာသော ဝေဒနာတို့သည် ခန္ဓာကိုယ်၏ နေရာအနှံ့တို့မှ တပြိုင်တည်းနှိပ်စက် လျက်ရှိသည်။ ခန္ဓာအတွင်းမှ အသည်းတွေ၊ အူတွေ ပြတ်ထွက်မတတ်လောက်အောင် နာကျင်ခံစားနေရသော ဝေဒနာ၊
အသက်ရှု၍ မဝသော ဝေဒနာ၊ ခေါင်းထဲမှ မူးဝေနေသော ဝေဒနာ ၊
ခေါင်းထဲမှ ထိုးထိုး၍ ကိုက်နေသော ဝေဒနာ၊ အိပ်ယာပူ လောင်ထားသော ဝေဒနာ၊
ပုရွက်ဆိတ်၊ ခြင်၊ ယင်ကောင် စသည်တို့သည် ခန္ဓာကိုယ်အနှံ့ တရွရွ တလှုပ်လှုပ်နှင့် ကိုက်ခဲသွားလာနေမှုကြောင့် ခံစားနေရသော ဝေဒနာ၊
၄င်းတို့သည် တစ်ခါတစ်ရံ နားအတွင်း၊ တစ်ခါတစ်ရံ နှာခေါင်းအတွင်း၊ တစ်ခါ တစ်ခါ ပါးစပ်နှုတ်ခမ်း အ၀သို့၀င်၍ စိတ်ကြိုက်ခြယ် လှယ်နေကြသောကြောင့် ဖြစ်ပေါ်ရသည့် မခံချိ မခံသာသည့် ဝေဒနာ၊ တစ်ခါတစ်ရံ ခန္ဓာကိုယ်တစ်ခုလုံး မီးပုံကြီးထဲသို့ ရောက်နေသကဲ့သို့ ပူလောင်ပြင်းထန်လှသလို တစ်ခါတစ်ခါ ရေခဲတုံးကြီးထဲ ၀င်နေရသလို အလွန်ချမ်းအေးလှသော ဝေဒနာ စသည်စသည်ဖြင့် ဝေဒနာပေါင်းစုံတို့သည် အဆက်မပြတ် သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင် နှိပ်စက်၍နေကြသည်။
စိတ်တို့ကို လျှော့ချလိုက်သည်။ အသက်ကို ဖြည်းညင်းစွာ ရှိုက်လိုက်သည်။ ခန္ဓာကိုယ်ရှိ အကြောအခြင်တို့ကို တစ်ခုချင်း သတိကပ်၍ ဖြေလျှော့ချ လိုက်သည်။
နှာသီး၀တွင် တိုး၀င်လာသော လေ၏ ၀င်မှု၊ ထွက်မှုတို့ကို အသေးစိတ် ရှုမှတ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွရွမွမွ လှုပ်ရှားနေမှု၊ မာမှု၊ တင်းမှု။ ပျော့မှု၊ ပူမှု၊ အေးမှု၊ တောင့်တင်းမှု၊ နာကျင်မှု စသည့် ဖြစ်ပေါ်နေမှု တို့ကို အသေးစိတ်လိုက်၍ သိနေသည်။
ဤ'ခန္ဓာကိုယ်ကြီး'သည်ကား... 'ငါ'လည်း မဟုတ်၊ 'ငါ'ပိုင်ဆိုင်သော ခန္ဓာကိုယ်ကြီးလည်း မဟုတ်၊ သူ့သဘောနှင့်သူ ဖြစ်နေသော ခန္ဓာကိုယ်ကြီး၊ အကြောင်းတရားတို့က ပြုပြင်၍ နှိပ်စက်ခံနေရသော ခန္ဓာကိုယ်ကြီး အဖြစ် ရှင်းလင်းစွာ သိမြင်လာသည်။
ခန္ဓာကိုယ်ကြီးက
'ငါ'မဟုတ် သလို
နှိပ်စက်ခံနေ ရသော 'ဝေဒနာ' တို့သည်လည်း 'ငါ'မဟုတ်။
နှိပ်စက်နေသည်ကို သိ…သိ…နေသော 'သဘော' တို့သည်လည်း 'ငါ'မဟုတ်။ အားလုံး သူ့သဘောနှင့် သူ ဖြစ်နေကြခြင်းဖြစ်သည်ကို သိမြင်လာသည်။
ဝေဒနာပေါင်းမြောက်များစွာတို့အနက်မှ အပြင်းထန်ဆုံး နှိပ်စက်နေသော အထင်ရှားဆုံး ဝေဒနာတစ်ခုကို အာရုံစိုက်လိုက်သည်။ ဝေဒနာဖြစ်ပေါ်နေသော နေရာကို စူးစူးစိုက်စိုက် ထိုးထွင်း၍ ကြည့်လိုက်သည်။ ပထမတော့ နာကျင်နေမှုသည် အတုံးလိုက်၊ အခဲလိုက်ကြီး ဖြစ်နေသည်။ ရဲရဲနီနေသော သံပူခဲကြီး ကပ်ထားသလို ပြင်းထန်စွာ ပူလောင်လျှက်ရှိသည်။ စိတ်ကို အေးချမ်းသောအာရုံတွင် ထားရှိ၍ အသေးစိတ် စူးစိုက်ကြည့်သည်။
အပြင်လိုက်ကြီးဖြစ်နေသော ဝေဒနာခဲကြီးမှ အလွန်သေးငယ်သော နေရာတစ်ခုတွင် ပူကနဲ၊ ပူကနဲ၊ လှုပ်ကနဲ၊ လှုပ်ကနဲ ဖြစ်ပေါ်နေမှုတစ်ခုကို သတိထားမိလိုက်သည်။ မှတ်စိတ်အာရုံကို ထိုနေရာကလေးအပေါ်သို့ သေသေချာချာ စူးစိုက်ထားလိုက်သည်။
လှုပ်ရှားမှုတို့က ပိုမို ကျယ်ပြန့်လာသည်။ ပူကနဲ ရှိန်းကနဲ အဆက်မပြတ် ပြောင်းလဲနေသည့် သဘောတို့က ပိုမို ထင်ရှားလာသည်။ တစ်ပူနှင့်တစ်ပူ၊ တစ်ရှိန်နှင့်တစ်ရှိန်၊ တစ်လှုပ်နှင့်တစ်လှုပ်တို့၏ မတူညီကွဲပြားခြားနားမှုတို့ကို အသေးစိတ် မြင်လာသည်။ တစ်ပူပျောက်သွားပြီး နောက်တစ်ပူ ပေါ်လာသည်။ တစ်လှုပ်ပျောက်သွားပြီး နောက်ထပ်တစ်လှုပ် ပေါ်လာသည်။
ပူမှု၊ အေးမှု တို့သည် လည်းကောင်း၊ လှုပ်ရှားမှုတို့သည်လည်းကောင်း၊
မာမှု၊ ပျော့မှုသဘောတို့သည် လည်းကောင်း၊
တစ်ခုပေါ် တစ်ခုပျောက်၊ နောက်တစ်ခုပေါ် နောက်တစ်ခုပျောက်၊ နောက်ထပ်တစ်ခုပေါ် နောက်ထပ်တစ်ခု ထပ်ပျောက်၊ ဒီနေရာမှာ ပူမှုတို့ပျောက်ပြီး လှုပ်ရှားမှုတို့ ပေါ်ချင်ပေါ်ပြန်သည်။
အားလုံးတို့သည် သူ့သဘောနှင့်သူ ဖြစ်နေသည်။ မဖြစ်ချင်လို့မရ။
မပေါ်ချင်လို့မရ။ မပျောက်ချင်လို့မရ။ ဘာတစ်ခုကိုမှ ထိန်းချုပ်ရန် ကြိုးစားလို့မရ။
ဘာတစ်ခုကိုမှ အစိုးမရသောသဘောတို့သာ ထင်ရှားနေသည်။
ပေါ်သမျှတို့ကို မလွတ်တမ်းလိုက်၍ သိ…သိ…နေသည်။ ဖြစ်လာသည်…သိသည်။ ပျက်သွားသည်…သိသည်။ နောက်ပိုင်းတွင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ပျက်သည်ဟူ၍လည်းကောင်း မထင်ရှားတော့။ ဖြစ်မှုနှင့် သိမှု။ ဖြစ်မှုနှင့် သိမှု တို့သည်သာ ထင်ရှားနေသည်။ တစ်ဖြစ်ပြီးတစ်ဖြစ်၊ တစ်သိပြီးတစ်သိ၊ အဆက်မပြတ် မလွတ်တမ်းလိုက်၍ သိနေသည်။
ရုပ်တွေလား၊ နာမ်တွေလား၊ ဝေဒနာတွေလား၊ စိတ်တွေလား၊ ဘာတွေလဲဆိုသည်ကို မသိတော့။
ပေါ်လာသမျှတို့ကို သိ သိနေခြင်းသာ ရှိတော့သည်။ သင်္ခါရတရားတို့၏ မမြဲခြင်းသဘောတို့သည် ထင်ရှားနေသည်။
ပေါ်မှုနှင့် သိမှုတို့သည် တစ်ဖြည်းဖြည်း နက်ရှိုင်း နက်ရှိုင်းလာသည်။
ပိုပို၍ သိမ်မွေ့ သိမ်မွေ့လာသည်။
ပေါ်မှုနှင့် သိမှုတို့မှလွဲ၍ အခြားဘာအာရုံမှ မရှိတော့။
'ငါ'ဟူသည်လည်း မရှိတော့၊ 'ငါ့ခန္ဓာ'လည်း မရှိတော့။ 'ငါ့ဥစ္စာ'လည်း မရှိတော့။ အကောင်အထည်ဟု၍ ဘာဆိုဘာမှ မရှိတော့။
ပေါ်ခြင်းနှင့် သိခြင်းသဘော တို့သည်လည်း သိမ်မွေ့လွန်းမက သိမ်မွေ့လာသည်။ နက်ရှိုင်းလွန်းမက နက်ရှိုင်းလာသည်။
ထိုခဏမှာပင် အင်မတန် အင်အားကြီးမားသော အရာတစ်ခုက ဖြစ်မှု၊ သိမှု၊ အာရုံတို့ကို (အရာအားလုံးကို) စောင့်ဆွဲယူပြစ်သလို ခံစားလိုက်ရသည်။ သရက်ပင်မှ သရက်သီးကို လက်နှစ်ဖက်ဖြင့် အမိအရကိုင်၍ စောင့်ဆွဲယူပြစ်လိုက်သလို ပြတ်ကျသွားသည်။ ခေတ္တမျှ ငြိမ်ကျသွားသည်။ လောကကြီးနှင့် ခဏတာမျှ အဆက်အသွယ် ပြတ်သွားသည်။
သတိပြန်၀င်လာသည်။ ဘာဖြစ်သွားတာလဲဟု ဆင်ခြင်ကြည့်သည်။ ပေါ်မှုနှင့် သိမှုတို့ကို ပြန်ရှာကြည့်သည်။ ဟော ပြန်တွေ့ပြီ။ ဖြစ်ပျက်တို့သည် အနက်ရှိုင်းဆုံးတစ်နေရာမှ တဖြည်းဖြည်း ပြန်ပေါ်လာသည်။ ဆက်၍ ရှုမှတ်နေမိသည်။ ပေါ်သည်… သိသည်။ ပေါ်သည်… သိသည်။
စောစောက ဖြစ်ပျက်တြို ပျောက်သွားသော၊ ငြိမ်ကျသွားသော အာရုံတစ်ခုကို ပြန်၍ သတိရလိုက်သည်။ ဘာဖြစ်သွားတာပါလိမ့်...? ဟု စိတ်ညွှတ်ကြည့်သည်။ ပြန်လည် ငြိမ်ကျသွားသည်။ ထိုနေရာသို့ ပြန်ရောက်သွားသည်။ ဘာနှင့်မျှ မတူညီသော၊ မနှိုင်းယှဉ်နိုင်သော ငြိမ်းချမ်းမှုတို့ ရှိနေသည်ကို သိသည်။ ဖြစ်မှုမရှိ၊ ပျက်မှုလည်းမရှိ၊ စာနှင့်ရေး၍ ဖော်မပြတတ်လောက်သော အေးချမ်းမှုတို့ ရှိသည်။ တစ်သက်နှင့်တစ်ခါ ဘယ်တုန်းကမျှ မကြုံဖူး မခံစားဖူးသော ငြိမ်းချမ်းမှုတို့ကို သိနေသည်။ ထိုအခိုက် ဖြစ်ပျက်တို့ ဘယ်ရောက်သွားလဲ ပြန်ရှာကြည့်သည်။ ပြန်တွေ့သည်။ ပေါ်သည်… သိသည်။ ပေါ်သည်… သိသည်။ စောစောက အာရုံတို့ကို ပြန်၍ ညွှတ်ကြည့်သည်။ ပြန်တွေ့သည်။ ပိုမို၍ ထင်ရှားသော ငြိမ်းချမ်းမှုအာရုံတို့ကို သိနေသည်။ ဆက်၍ ဆက်၍ အခြားသိစရာတို့ကိုလည်း ဆက်၍ သိလိုက်သည်။ သိသည်… သိသည်…။ စိတ်တို့သည် အလွန်တရာ ကြည်လင်နေသည်။
“ငြိမ်သွားပြီ… အသက်မရှိတော့ဘူး… !
အခုမှပဲ သူ့ခမျာ ၀ဋ်ကျွတ်တော့တယ်…!” ဟူသော အသံသဲ့သဲ့ကို ကြားလိုက်ရသည်။
“အနံ့တွေကလဲ အတော်ထွက်နေပြီ၊ ‘ခေါင်း’ အဖုံးကို ပိတ်လိုက်တော့ဟေ့ !!” ဟု အော်ပြောသံကို ကြားလိုက်ရသည်။
“ကဲ… ကဲ… နောက်ဆုံးအနေနဲ့ ကြည့်ကြဦးမလား” ဟု အော်မေးနေသည်။
“ရပါပြီ၊ ပိတ်လိုက်ပါတော့” ဟူသော အသံကို ကြားလိုက်ပြန်သည်။ “ခဏနေကြပါဦး၊ ငါမသေသေးဘူး” ဟု အော်ပြောလိုက် သည်။
အသံက ထွက်မလာတော့။ ခန္ဓာကိုယ်ကလည်း နည်းနည်းမှပင် လှုပ်ရှား၍ မရတော့။ ထိုစဉ် ‘ခေါင်း’ ကို ပျဉ်ပြားဖြင့် ဖုံးလိုက်ကြသည်။ သံကို တူဖြင့် ထုရိုက်သည့် အသံတို့ကို တစ်ချက်ချင်း ကြားနေရသည်။ ကြားရသည့်အသံတို့ကို ရှုမှတ်နေဖြစ်သည်။ တစ်ချက်ပေါ် တစ်ချက်ပျောက်။ ရှုမှတ်စိတ်တို့က ကပ်မြဲ ကပ်နေသည်။
‘ခေါင်း’ အဖုံးကို ပိတ်လိုက်ပြီဖြစ်၍ လေ၀င်လေထွက် မရှိတော့။ အသက်ရှု၍ မဝတော့။ အသက်ကို အားရပါးရ ရှုလိုက်ချင်သည်။ မရတော့။ မွန်းကြပ်မှုတို့သည်သာ ပိုပို၍လာသည်။ ယခင်တုန်းက ဘာမှ တန်ဘိုးမရှိဟု ထင်ခဲ့သော လေ၏ အရေးပါမှုကို ကောင်းကောင်း သဘောပေါက်လိုက်သည်။
သို့သော် နောက်ကျခဲ့ပြီ။ သြော်… လေကိုမျှပင် မပိုင်တော့ပါလား…!!။
တစ်ခါက တရားစခန်းတစ်ခုတွင် မိုးရွာသဖြင့် ပြတင်းပေါက်များ ပိတ်ထား၍ မွန်းကြပ်သော ခံစားမှုတစ်ခုကို ပြန်သတိရလိုက်သည်။
“ယောဂီတို့… သေခါနီးအချိန်ကျရင် ဒီထက် အသက်ရှုကြပ်တာကို ကြုံတွေ့ရလိမ့်မယ်။ အသက်ရှုကြပ်ရင်လည်း အသက်ရှုကြပ်တာကို မှတ်နိုင်အောင် ကြိုးစား… ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်… ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို ရှုမှတ်နိုင်အောင်သာ ကြိုးစားကြ…” ဟု ဆရာတော်မှ သတိပေးခဲ့သည်။
ယခုကား ထိုတုန်းကထက် အဆပေါင်းများစွာ အသက်ရှုရန် ခက်ခဲလှသည်။ အသက်ရှုချင်သောစိတ်ကို ပြန်ရှုသည်။ ၀င်လေတစ်ခုကိုပင် မရနိုင်တော့ပြီ။ မိမိ၏ နောက်ဆုံးအချိန်သို့ ရောက်နေပြီဟု သိလိုက်သည်။
ရင်ထဲမှ လှိုင်းလုံးကြီးတစ်ခု လှိုက်၍ ဆို့တက်လာသည်။ ရင်၀သို့ရောက်လာ သည်။ ထိုမှတစ်ဆင့် လည်ချောင်း၀၊ တစ်ဆင့် ပါးစပ်မှ အံထွက်လာသည်။ ပါးပြင်ထက်သို့ ယိုစီးကျလာသည်။ ပါးပြင်ကို ဖြတ်ကျော်၍ လည်ပင်းဆီသို့ စီးဆင်းလာသည်။ ပူနွေးမှုသဘော… ယိုစီးမှုသဘောတို့ကိုသာ သတိထား မိလိုက်သည်။ ရှုမှတ်မှုတို့သည် အလွန်အားနည်းလာသည်။ အသိစိတ်တို့သည် အားပျော့ လာချေပြီ။
ခန္ဓာကိုယ်တွင်လည်း လှုပ်ရှားမှုမှန်သမျှ ဘာမှ မရှိတော့။
မသိတော့…။
ဘာမှ မသိတော့…။
ထိုခဏ ….. မွှေးပျံ့သော ရနံ့တို့ အသာအယာ တိုး၀င်လာသည်။ သာယာညင်းပြောင်းသော ဂီတသံစဉ်အချို့ကို သတိထားမိလိုက်သည်။ ပိုမို၍ ပီပြင် သဲကွဲလာသည်။ ဘယ်ရောက်နေသလဲဟု ဆင်ခြင်မိသည်။ သိလိုက်ပါသည်။
သာယာသော… လှပသော… ငြိမ်းချမ်းသော… ပျော်မွေ့ဖွယ်တို့ တည်ရှိနေသည့် နေရာတစ်ခုသာ ဖြစ်သည်။
သဒ္ဓမ္မရံသီ မဟာစည် ဝိပဿနာ (၉) ရက် အထူးတရားစခန်း (June 4, 2016 to June 12, 2016) တွင် ပေးဝေလှူဒါန်းသော စာအုပ်လေးထဲမှ “မရဏလမ်းကို ကျော်ဖြတ်ခြင်း”
ဆရာလေး ပညာရံသီ
30/10/2025
အမှိုက်ဆိုရင် အမှိုက်ပုံးထဲကိုထည့်။
သူနဲ့ဆိုင်တဲ့နေရာကို သူရောက်သွားမယ်။
ကိုယ့်ရဲ့စိတ်လည်း ပိုရှင်းလင်းပြီး
နေလို့ကောင်းသွားမယ်။
If it's trash, put it in the trash bin.
It will go to where it belongs.
Your mind will also become clearer
and you will feel better.
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
30/10/2025
ဂျပန်စကားပုံတစ်ခုရှိတယ် - လူတိုင်းမှာ မျက်နှာသုံးမျိုး ရှိကြသတဲ့။
ပထမမျက်နှာက လူအများကို ပြတဲ့မျက်နှာ။
ပြုံးရယ်နေတာ။
ထွေရာလေးပါး စကားလေးပြောတာ။
ဘဝကို ပိုမိုလွယ်ကူစေမယ့် မျက်နှာ။
ဒုတိယမျက်နှာက ရင်းနှီးသူတွေနဲ့ မိသားစုက မြင်ကြရတဲ့မျက်နှာ။
အားနည်းချက်လေးတွေ။
စစ်မှန်တဲ့ ရယ်မောခြင်း။
ယုံကြည်ရသူတွေနဲ့ပဲ မျှဝေတဲ့ ရိုးသားမှု။
တတိယမျက်နှာကတော့ သင်တစ်ယောက်တည်းသာ ပိုင်တဲ့မျက်နှာ။
ဘယ်တော့မှ ထုတ်မပြောဖြစ်တဲ့ အတွေးတွေ။
တိတ်ဆိတ်စွာ ရှိနေတဲ့ ခံစားချက်တွေ။
သူများ ကြည့်နေပြီဆိုတာနဲ့ ပျောက်သွားတဲ့ မျက်နှာ။
There’s a Japanese saying - every person wears three faces.
The first is the one shown to the world.
The smile.
The small talk.
The version that makes life easier.
The second is the one close friends and family see.
The little cracks.
The real laughter.
The honesty you only share with people you trust.
And the third face - that one belongs only to you.
The thoughts you never say out loud.
The feelings that live in silence.
The version that disappears the second someone else is watching.
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
လမ်းလျှောက်ခြင်းကိုက
Life hack တစ်ခုပဲ
၃ မိနစ်လမ်းလျှောက်ရင်
Blood pressure ကျစေတယ်
၅ မိနစ်လမ်းလျှောက်ရင်
Mood ပိုကောင်းလာတယ်
၁၀ မိနစ်လမ်းလျှောက်ရင်
Creativity ကောင်းတယ်
၁၅ မိနစ်လမ်းလျှောက်ရင်
Blood sugar level ကျစေတယ်
၃၀ မိနစ်လမ်းလျှောက်ရင်
Calories တွေလောင်ကျွမ်းမယ်
၄၀ မိနစ်လမ်းလျှောက်ရင်
နှလုံးကျန်းမာရေးကောင်းမယ်
၉၀ မိနစ်လမ်းလျှောက်ရင်
စိတ်ဓာတ်ကျတာသက်သာစေတယ်
မြန်မာပြည်သားတွေ မွဲသွားတာဟာ "ငွေမည်း"တွေကြောင့်လည်း ပါတယ်လို့ ဆိုရမယ်။
မြန်မာပြည်နဲ့ မပြောဘဲ အခြား သန့်ရှင်းတဲ့ နိုင်ငံတစ်ခုခုနဲ့ နှိုင်းယှဉ်ပြောရင် နားလည်လွယ်လိမ့်မယ်။
သန့်ရှင်းတယ်လို့ ပြောပေမယ့် သန့်ရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုလို့ ဆိုကြစို့။
===
ဥပမာ-
သန့်ရှင်းနိုင်ငံ။
လူတစ်စုဟာ အရင်က မွဲတယ်။
ရုတ်တရက် ငွေရတယ်။ ကျိကျိတက် ချမ်းသာလာတယ်။
"သူဟာ ဒီငွေကို ဘယ်က ရသလဲ"
အပြင်းအထန် လိုက်ကြပါတယ်။
- လာဘ်ပေးလာဘ်ယူလား?
- အခွန်ရှောင်လား?
- မူးယစ်ဆေးလား?
- လိမ်လည်တာလား?
- ခိုးလာတာလား?
စသည်။
ငွေမည်းဖြစ်နေခဲ့မယ်ဆိုရင် လူကိုလည်း အရေးယူမယ်။ ငွေကိုလည်း သိမ်းမယ်။
===
ဘာပြုလို့ အပြင်းအထန်လိုက်ကြတာလဲ?
ငွေမည်းကလည်း ငွေပါပဲ။
ငွေမည်းကို ဒီအတိုင်း ပေးသုံးလိုက်လို့ မရဘူးလား?
ဥပမာ-
မူးယစ်ဆေးလုပ်ငန်းကနေ လူတစ်ဦးက သိန်းပေါင်း (၅) သိန်းလောက် ဝင်ထားတယ်ဆိုပါစို့။
ခင်ဗျားနဲ့ ခင်ဗျားပတ်ဝန်းကျင်က "ငွေမည်းလည်း ငွေပါပဲ"လို့ ခွင့်လွှတ် နားလည်ပေးတတ်တယ်။
ဆိုတဲ့အခါ ငွေမည်းသမားက ခင်ဗျားပတ်ဝန်းကျင်မှာ အိမ်, ခြံ, မြေတွေ လိုက်ဝယ်မယ်။
ခင်ဗျားက ပေ (၄၀-၆၀) ကို သိန်း (၆,၀၀၀) လောက်ပဲ တတ်နိုင်မယ်။
ငွေမည်းသမားက သိန်း (၇,၀၀၀) ပေးပြီး ဝယ်သွားမယ်။
ခင်ဗျားက သိန်း (၃၀,၀၀၀) တတ်နိုင်တယ်။
ငွေမည်းသမားက သိန်း (၃၅,၀၀၀) ပေးမယ်။
ခင်ဗျားက ဖြူဖြူစင်စင် အလုပ်လုပ်တယ်။
ဟိုလူက ငွေမည်းရှာတယ်။
ဒါပေမယ့် ခင်ဗျားက မျတသင့်တင့်တယ်လို့ ယူဆတဲ့ ဈေးနှုန်းထက် ပိုပေးပြီး ဝယ်သွားတယ်။
အဖိုးတန်မြေတွေကို သူက ပိုင်သွားတယ်။ ခင်ဗျားက ဈေးကို မီအောင် မနည်းကြိုးစားရတယ်။
ငွေဖြူလုပ်ငန်းမှာ မနည်းမနော ရုန်းကန်ရပြန်တယ်။
ခင်ဗျား မျှတတယ်လို့ ခံစားရသလား?
မျှတတယ်လို့ ခံစားရရင် ခင်ဗျား မှားနေပြီ။
သေချာပေါက် ခင်ဗျားဟာ ဖြူဖြူစင်စင် အလုပ်လုပ်ရကျိုး မနပ်တော့ဘူး။
ဒါနဲ့တောင်မှ သန့်ရှင်းနိုင်ငံတွေရဲ့ ငွေမည်းလိုက်တဲ့ လုပ်ငန်းစဉ်ကို အပြစ်မြင်နေသေးတယ်။
"သူ့ကုသိုလ်နဲ့သူ ချမ်းသာတာ၊ သုံးပါစေလား"
===
ဝန်ထမ်းတစ်ဦးဟာ တိုင်းပြည်ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို အလွဲသုံးစား လုပ်တယ်။
ကျိကျိတက် ချမ်းသာလာတယ်။
ငွေမည်းပဲ။
"ငွေမည်းပဲဖြစ်ဖြစ်, သုံးပါစေတော့လား၊ သူ့ကုသိုလ်နဲ့သူ လုပ်ပိုင်ခွင့် ရနေတာ၊ သနားပါတယ်"
သူက သူ့ဇနီးကို မျိုးရိုးစဉ်ဆက် ချမ်းသာတယ်လို့ ပြောမယ်။
ခင်ဗျားပတ်ဝန်းကျင်မှာ ဆိုင်တွေ, ကုမ္ပဏီတွေ, စီးပွါးရေးလုပ်ငန်းတွေ ထောင်မယ်။
ခင်ဗျားရဲ့ လုပ်ငန်းက သိန်း (၃,၅၀၀) တန်တယ်လို့ ဆိုပါစို့။
ခင်ဗျားလုပ်ငန်းရှိတဲ့ လမ်းထဲမှာ မျက်နှာချင်းဆိုင်ပြီး လုပ်ငန်းပြိုင် ဖွင့်မယ်။
ခင်ဗျားလုပ်ငန်းကို နောက်မှ လာပြီး ယှဉ်ပြိုင်တာ။
အပြိုင်အဆိုင် ကြိုးစားကြမယ်။
ခင်ဗျားက ငွေမည်းကို ပြိုင်ဆိုင်ဖို့ ငွေဖြူ သိန်း (၂၀၀၀) ထပ်လိုက်မယ်။
ဒါပေမယ့် ငွေမည်းဘက်က သိန်း (၈,၀၀၀) လည်း လိုက်နိုင်တယ်။ (၂၀,၀၀၀) လည်း လိုက်နိုင်တယ်။
နောက်ပိုင်း ခင်ဗျား ငွေဖြူနဲ့ မ,တည်ထားတဲ့ လုပ်ငန်း ပြုတ်သွားမယ်။
ငွေမည်းသမားက နိုင်ငံခြားမှာ သွားပြီး ဆေးကုတယ်။
ခင်ဗျားက ဆေးကုဖို့ ဘာပေါင်ရမယ် မသိလောက်အောင် အကြပ်အတည်း ရိုက်နေပြီ။
မျှတတယ်လို့ ခင်ဗျား ထင်လား?
ထင်ရင် ခင်ဗျားဦးနှောက်မှာ အနည်းဆုံး (၁) ခန်း လွတ်နေပြီ။
===
လူတစ်စုဟာ လိမ်လည်တဲ့ လုပ်ငန်းကို အကြီးအကျယ် လုပ်ကြတယ်။
ကျိကျိတက် ငွေဝင်တယ်။ ထားစရာ မရှိလောက်အောင် ဝင်ကြတယ်။
ငွေမည်းပဲ။
နယ်ဘက်မှာ မြေတွေ လိုက်စုမယ်။
အရင်က နယ်ဘက်မှာ မြေတစ်ကွက်ကို ဆယ်ကြီးဂဏန်းလောက်နဲ့ ရနိုင်လိမ့်မယ်။
အခုကျတော့ ရာကြီးဂဏန်း ဖြစ်သွားတယ်။
ငွေဖြူသမားတွေ မလိုက်နိုင်တဲ့နောက် နယ်ဘက် မြေတွေ အတော်များများကို လိမ်လည်လုပ်ငန်းရှင်တွေက ပိုင်သွားမယ်။
မျှတတယ်လို့ ခင်ဗျား ထင်သလား?
အကယ်၍ ငွေမည်းသမားတွေက လူမျိုးခြားတွေ ဖြစ်နေပါပြီဆိုရင်,
ပြီးတော့ နိုင်ငံမြေ တဝက်လောက်ကိုလည်း လူမျိုးခြားတွေက ပိုင်သွားပါပြီဆိုရင်
ခင်ဗျားတို့ ငွေဖြူသမားတွေက ဘာမှားနေလို့လဲ?
===
ငွေမည်းတွေဟာ
ငွေဖြူလောကကြီးရဲ့ ထမင်းအိုးအသီးသီးကို အနှောင့်အယှက် ပေးနိုင်တယ်။
ခင်ဗျား မွဲနေတာဟာ ငွေမည်းတွေကြောင့်လည်း ပါတယ်လို့ ပြောရင် မမှားဘူး။
===
သန့်ရှင်းနိုင်ငံတွေမှာ လူဖြစ်ရတာက မတန်ဘူး,
ဗုဒ္ဓဘာသာနိုင်ငံမှာ လူဖြစ်ရတာကပဲ ကောင်းတယ်လို့ ပြောကြတဲ့ နိုင်ငံတစ်ခုမှာ စက်ဆုတ်စရာ ကောင်းတာ တစ်ခုရှိတယ်။
အဲဒီနိုင်ငံမှာ ငွေမည်းနဲ့ ကုသိုလ်ပြုရင်တောင်
"အကုသိုလ်က သပ်သပ်၊ ကုသိုလ်က သပ်သပ်လေ"
"သွားမရောနဲ့"
"သူအကုသိုလ်လုပ်တုန်းကလည်း အကုသိုလ်ရခဲ့တာပဲ၊ ကုသိုလ်လုပ်တော့လည်း သာဓုခေါ်ရမှာပဲ"
ဒီသဘောတရား ဒီအတွေးအခေါ်။
ဘာလို့ စက်ဆုတ်စရာ ကောင်းတာလဲ?
ခင်ဗျား ဉာဏ်မီရဲ့လား?
စော်ကားရာ ရောက်သွားရင်လည်း တောင်းပန်ပါတယ်။
မေးကြည့်တာပါ။
===
ငွေဖြူသမားတွေဟာ လေးစားစရာပါ။
ဘဝကို ဖြူဖြူစင်စင် ဖြတ်သန်းဖို့ ကြိုးစားကြရှာပါတယ်။
ဘုရားရှင် ဟောမိန့်တဲ့ သမ္မာအာဇီဝကို ကြိုးကြိုးပမ်းပမ်း ကျင့်သုံးကြတာ။
ခင်ဗျားက သမ္မာအာဇီဝကို ကျင့်သုံးရင်း ဆန်အိုးက ပိုပိုပြီး ဂျောက်ဂျောက်သံ မြည်လာပါတယ်ဆိုရင် ငွေမည်းသမားတွေကို မပြိုင်နိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။
ခေတ်ပျက်ကြီးမှာ ခင်ဗျားကတော့ ပင်ပန်းဆင်းရဲလို့။
ရုန်းကန်ရလို့။
ငွေမည်းသမားတွေက တောက်တောက်ပြောင်ပြောင် စားစားသောက်သောက်။
သူတို့ကြောင့်ပဲ ခင်ဗျားတို့က မွဲသွားခဲ့တာ။
ခင်ဗျားတို့ပတ်ဝန်းကျင် လူတွေကပဲ သူတို့ကို ချမ်းသာအောင် လုပ်ကျွေးခဲ့ကြတာ။
ပြီးတော့ ခင်ဗျားက ဘယ်သူ့ကိုမှလည်း အပြစ်တင်ခွင့် မရှိဘူး။
"ငါ့အတိတ်ကံကိုက ညံ့တာ"
"အတိတ်မှာ ဒါန နည်းခဲ့တာ"
ခင်ဗျားမတတ်နိုင်တဲ့ ပမာဏမျိုးနဲ့ ငွေမည်းသုံးပြီး ကုသိုလ်ပြုရင်တောင် ခင်ဗျားက သာဓုခေါ်လိုက်ရသေးတယ်။
နောက်ဆုံးမှာ ခင်ဗျားကိုးကွယ်တဲ့ ဆရာတော်ကြီးကတောင်မှ ခင်ဗျားကို အရေးမလုပ်တော့ဘဲ ငွေမည်းကုသိုလ်ရှင်တွေကိုပဲ ပြုံးပြတော့တယ်။
ခင်ဗျားက ဘာမှားလို့လဲ?
===
သန့်ရှင်းနိုင်ငံတွေမှာကျတော့ ငွေမည်းတွေကို အမဲလိုက်ပါတယ်။
ဖမ်းဆီးပြီး အရေးယူတယ်။ ပိုင်ဆိုင်မှုတွေကို သိမ်းတယ်။
သူတို့ရဲ့ စီးပွါးရေးလောကကြီးထဲမှာ ငွေဖြူသမားတွေကိုပဲ ရှင်သန်ခွင့်, ကြီးပွါးခွင့် ပေးပါတယ်။
သူတို့နိုင်ငံရဲ့ ငွေဖြူလုပ်ငန်းတွေဟာ ပြေလည်ကြတယ်။ ဖူလုံကြတယ်ဆိုရင်-
သူတို့ဟာ နိုင်ငံအလိုက် အတိတ်ကံကောင်းကြတာ မဟုတ်ပါ။
"လူတွေ မညံ့ကြတာ"
လူတွေက မညံ့ကြလို့ပါ။
===
ဒါ့ကြောင့် ငွေဖြူလူမွဲတွေကို အမြဲပြောနေရမှာက
"အတိတ်ကံကောင်းဖို့ထက် လူတော်ဖို့က ပိုပြီး အရေးကြီးတယ်"
"ပတ်ဝန်းကျင်ကောင်းကို အတိတ်ကံက ဆောက်မပေးနိုင်ရင်တောင် လူတော်တွေက တည်ဆောက်ယူနိုင်စွမ်း ရှိရမယ်"
"အဲဒီလိုဖြစ်ဖို့ အခြေခံအချက်က မညံ့ကြဖို့ပဲ"
"ကံညံ့ရုံနဲ့ လူပါ လိုက်ပြီး ညံ့မပစ်ကြဖို့ပဲ"
"ကံကောင်းဖို့ကိုပဲ လုပ်ပြီး လူတော်အောင် မလုပ်ချင်တာမျိုးကို ရှောင်ကြဖို့ပဲ"
24/09/2025
ကျွန်တော်တို့က အောင်မြင်မှုကို ကြည့်တဲ့အခါ နောက်ဆုံးရိုက်ချက်ကိုပဲ မြင်လေ့ရှိကြတယ်။ ထိုးဖောက်ကျော်လွှားနိုင်လိုက်တဲ့အခိုက်အတန့်၊ အနိုင်ရလိုက်ခြင်း၊ အောင်မြင်မှုရလိုက်တဲ့ အချိန်ကိုပေါ့။ ဒါပေမဲ့ နောက်ဆုံးရိုက်ချက်ဆိုတာ အရင်က မမြင်ရတဲ့ ရာနှင့်ချီသော ရိုက်ချက်တွေ မရှိခဲ့ရင် ဖြစ်လာမယ့်အရာ မဟုတ်ပါဘူး။
သင့် အားထုတ်မှုတိုင်းက အရေးပါပါတယ်။ လေ့ကျင့်ခဲ့တဲ့ နာရီပေါင်းများစွာ၊ စွန့်လွှတ်အနစ်နာခံခဲ့ရတာလေးတွေ၊ တိုးတက်မှုလုံးဝရှိဟန်မတူတဲ့ ထပ်ခါထပ်ခါ ကြိုးပမ်းမှုတွေ— ဒီအရာတွေကပဲ နောက်ဆုံး အောင်မြင်မှုကို ဖြစ်စေတဲ့ အခြေခံအုတ်မြစ်တွေပါ။
အောင်မြင်မှုဆိုတာ ချက်ချင်းထမဖြစ်ပါဘူး။ ဒါဟာ ကာလရှည်ကြာ စုပေါင်းလာတဲ့ မရပ်နားတဲ့၊ တသမတ်တည်းရှိတဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်ပါ။ ဒါကြောင့် တိုးတက်မှုကို မမြင်ရဘူးလို့ ခံစားရတဲ့အခါ သတိရပါ— ရိုက်ချက်တိုင်းက ဖိအားပေးနေတယ်။ တစ်နေ့တော့ ကျောက်ခဲ ကွဲထွက်သွားမှာပါ။
#ဒေါက်တာစိုးသန်း
우리는 종종 성공을 바라볼 때 마지막 한 방,
즉 돌파의 순간, 승리, 성취만을 보곤 합니다.
하지만 그 마지막 한 방은 보이지 않는 수백 번의 시도가 없었다면 결코 존재할 수 없었습니다.
당신이 쏟아낸 모든 노력은 의미가 있습니다.
수많은 연습의 시간들, 작은 희생들,
진전이 없는 듯 반복한 시도들—
그 모든 것들이 결국 마지막 돌파를 가능하게 하는 밑거름이 됩니다.
성공은 결코 순식간에 찾아오는 것이 아닙니다.
그것은 멈추지 않는 꾸준한 노력이 시간이 쌓여 만들어낸 결과입니다.
그러니 진전이 보이지 않아 답답할 때는 꼭 기억하세요—
당신의 매 순간의 시도가 압력을 더하고 있다는 것을.
언젠가 반드시 돌은 갈라질 것입니다. 🔨✨
HNKA Burmese Blog
20/09/2025
ပန်ဒါတွေရဲ့ Firewall ကြီး မြန်မာပြည်မှာ တပ်လိုက်ပီဆိုတဲ့အကြောင်းက IT နယ်ပယ်ကလူတစ်ယောက်အနေနဲ့ ပြောမပြတတ်အောင် စိတ်မကောင်းဖြစ်ရတယ်။ အော် လုပ်ရက်လိုက်လေခြင်းဆိုပြီး စိတ်ထဲမှာ မခံစားနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီစနစ်ကြီးရဲ့ အတိမ်အနက်ကိုသိရအောင်တော့ ကျွန်တော် research လုပ်ထားတဲ့ အချက်အလက်တွေကို ပြောပြချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် သေချာသိထားဖို့ လိုအပ်တဲ့ကိစ္စတစ်ခုပါ။
𝗧𝗵𝗲 𝗚𝗿𝗲𝗮𝘁 𝗙𝗶𝗿𝗲𝘄𝗮𝗹𝗹 𝗼𝗳 𝗖𝗵𝗶𝗻𝗮
Great Firewall of China (GFW) ဆိုတာကို အများစုက အင်တာနက်ကိုပိတ်တဲ့ firewall တစ်ခုလို့ပဲ အပေါ်ယံသိထားကြတာပါ။ တကယ်တမ်းက အဲ့ထက်အများကြီးပိုတယ်။ GFW ဆိုတာက နိုင်ငံရေး ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် အဆင့်မြင့်နည်းပညာတွေ၊ စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေ၊ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ လူမှုအင်ဂျင်နီယာနည်းလမ်းတွေကို ပေါင်းပီးတည်ဆောက်ထားတဲ့ 𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹-𝗹𝗲𝘃𝗲𝗹 𝗶𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗰𝗼𝗻𝘁𝗿𝗼𝗹 𝘀𝘆𝘀𝘁𝗲𝗺 ကြီးတစ်ခုပါ။ ကျွန်တော့်အနေနဲ့ ဒီစနစ်ကြီးရဲ့ အတွင်းပိုင်း အလုပ်လုပ်ပုံ၊ သူ့ရဲ့ နောက်ကွယ်က တွန်းအားနဲ့ သူဖန်တီးလိုက်တဲ့ ရိုက်ခတ်မှုတွေကို ရှုထောင့်တစ်ခုချင်းစီကနေ အသေးစိတ်ခွဲခြမ်းစိတ်ဖြာပီး ရေးသွားပါမယ်။ 𝗥𝗲𝘀𝗲𝗮𝗿𝗰𝗵 လုပ်လို့ ရသလောက်အချက်အလက်တွေကို စုပီးရှင်းပြတာမို့ တချို့နေရာတွေမာ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။
ပညာရေး ရှုထောင့်
𝗚𝗿𝗲𝗮𝘁 𝗙𝗶𝗿𝗲𝘄𝗮𝗹𝗹 က ပညာရေးအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို မြင်သာအောင်ပြောရရင် နိုင်ငံရဲ့ စာကြည့်တိုက်ကြီးတစ်ခုလုံးမှာ အစိုးရကထုတ်တဲ့ စာအုပ်တွေပဲထားပြီး ကမ္ဘာပေါ်က တခြားစာအုပ်တွေအကုန်လုံးကို ဝင်ခွင့်ပိတ်ထားသလိုပါပဲ။ အဲ့ထက်ပိုဆိုးတာက စာကြည့်တိုက်ထဲမှာရှိနေတဲ့ စာအုပ်တချို့ကိုတောင် အစိုးရက မကြိုက်တဲ့ စာမျက်နှာတွေကို ဆုတ်ဖြဲပြီး ဖျောက်ထားပါသေးတယ်။ ဒီအခြေအနေက သူတို့ကျောင်းသားတွေ၊ သုတေသနပညာရှင်တွေကို ကမ္ဘာ့နောက်ဆုံးပေါ် အသိပညာ၊ အတွေးအခေါ်တွေနဲ့ အဆက်ပြတ်သွားစေတယ်။ ဆေးပညာ သုတေသနလုပ်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ ကမ္ဘာပေါ်က နောက်ဆုံးပေါ် ကင်ဆာရောဂါကုထုံးတွေကို ဝင်ကြည့်လို့မရသလို၊ ကွန်ပျူတာသိပ္ပံကျောင်းသားတစ်ယောက်ကလည်း YouTube ပေါ်က coding သင်ခန်းစာအသစ်တွေ၊ GitHub လိုနေရာမှာ ကမ္ဘာ့ developer တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ အများကြီးဆုံးရှုံးပါတယ်။
ဒီလို အသိပညာကို တံခါးပိတ်ထားခြင်းက 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗙𝗿𝗲𝗲𝗱𝗼𝗺 ကို အမြစ်ကနေ tatပစ်လိုက်တာနဲ့တူပါတယ်။ တက္ကသိုလ်တွေမှာရှိတဲ့ ပါမောက္ခတွေ၊ ပညာရှင်တွေဟာ သူတို့ရဲ့ သုတေသနလုပ်ငန်းတွေ၊ အွန်လိုင်းပေါ်က လှုပ်ရှားမှုတွေအားလုံးကို အစိုးရက စောင့်ကြည့်နေမှန်း သိတယ်။ ဒီတော့ နိုင်ငံရေးအရ ထိလွယ်ရှလွယ်ဖြစ်တဲ့ အကြောင်းအရာတွေကို သုတေသနလုပ်ဖို့ ဒါမှမဟုတ် ကျောင်းသားတွေကို သင်ကြားပေးဖို့ ဝန်လေးလာကြတယ်။ တကယ်လို့ အစိုးရရဲ့အမြင်နဲ့ ဆန့်ကျင်တဲ့ စာတမ်းတစ်ခုခုကို ရေးလိုက်မိရင် ရာထူးနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကိုပါ ထိခိုက်နိုင်တယ်ပေါ့။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာလုပ်ပြီး အန္တရာယ်ကင်းတဲ့ ခေါင်းစဉ်တွေကိုပဲ ရွေးချယ်လိုက်ကြတယ်။ ဒီအခြေအနေက တကယ့်တီထွင်ဖန်တီးမှုနဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို tatပစ်လိုက်ပြီး နိုင်ငံရဲ့ ပညာရေးစနစ်တစ်ခုလုံးကို အပေါ်ယံသာတိုးတက်ပြီး အတွင်းမှာတော့ အနှစ်မရှိတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။
တစ်နည်းအားဖြင့် အသိပညာဆိုင်ရာ အာဟာရချို့တဲ့မှုနဲ့ တင်စားလို့ရပါတယ်။ ကမ္ဘာပေါ်က ကလေးတွေအားလုံးက အာဟာရစုံအောင် ဟင်းမျိုးစုံစားနေရချိန်မှာ သူတို့ကျောင်းသားတွေက အစိုးရကချက်ပေးတဲ့ ထမင်းနဲ့ဟင်းတစ်မျိုးတည်းကိုပဲ စားနေရသလိုပေါ့။ ရေရှည်မှာ ဒီအခြေအနေက ဝေဖန်ပိုင်းခြားတတ်တဲ့ ကမ္ဘာ့အဆင့်မီ ပညာတတ်တွေအစား၊ အစိုးရပြောသမျှကိုသာ လက်ခံယုံကြည်ပြီး ပြင်ပကမ္ဘာရဲ့ အမြင်တွေကို နားမလည်တဲ့ အမိန့်နာခံတတ်တဲ့ နိုင်ငံသားကောင်းတွေကို မွေးထုတ်ပေးဖို့ ဦးတည်နေပါတယ်။
နိုင်ငံရေး ရှုထောင့်
GFW ရဲ့ နိုင်ငံရေးအနှစ်သာရကို နားလည်ဖို့ဆိုရင် တရုတ်ကွန်မြူနစ်ပါတီ (𝗖𝗖𝗣) ရဲ့ အကြီးမားဆုံးကြောက်စိတ်ဖြစ်တဲ့ အာဏာလက်လွှတ်ရမှာကို အရင်သိဖို့လိုပါတယ်။ သူတို့အမြင်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ရတာဟာ အနောက်နိုင်ငံတွေရဲ့ အတွေးအခေါ်တွေ တံခါးမရှိ ဓားမရှိဝင်လာပြီး ပြည်သူတွေရဲ့စိတ်ကို တဖြည်းဖြည်း ပြောင်းလဲသွားစေလို့ဆိုပြီး ယုံကြည်ထားကြတယ်။ ဒါကြောင့် အင်တာနက်ပေါ်လာတဲ့အခါမှာ ဒါဟာ သူတို့အာဏာကို ဖြိုချနိုင်မယ့် အင်အားအကြီးဆုံး လက်နက် ဖြစ်လာနိုင်တာကို ကြိုမြင်ခဲ့ပါတယ်။ GFW ဆိုတာက အဲ့ဒီအတွေးအခေါ်ရေစီးကြောင်းတွေ ကိုယ့်နိုင်ငံထဲကို မဝင်လာအောင် တားဆီးထားတဲ့ အကြီးမားဆုံး ရေကာတာကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရေကာတာကြီးက ရေအားလုံးကို ပိတ်ထားတာမဟုတ်ပါဘူး။ အစိုးရအတွက် အကျိုးရှိမယ့် စီးပွားရေး၊ နည်းပညာဆိုင်ရာ ရေစီးကြောင်းတွေကိုတော့ တံခါးဖွင့်ပြီး ဝင်ခွင့်ပြုထားတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးလိုမျိုး သူတို့ရဲ့အာဏာကို ထိခိုက်စေမယ့် နိုင်ငံရေးအတွေးအခေါ်ရေစီးကြောင်းတွေကိုတော့ လုံးဝပိတ်ထားပါတယ်။
ဒီလိုလုပ်တာကို နိုင်ငံတကာက မေးခွန်းမထုတ်အောင် 𝗖𝘆𝗯𝗲𝗿 𝗦𝗼𝘃𝗲𝗿𝗲𝗶𝗴𝗻𝘁𝘆 ဆိုတဲ့ မူဝါဒတစ်ခုကို ဖန်တီးတယ်။ အဓိပ္ပာယ်ကရှင်းရှင်းလေး.. "ငါ့ရဲ့ မြေပေါ် ရေပေါ်မှာ ငါအချုပ်အခြာအာဏာပိုင်သလို ငါ့နိုင်ငံရဲ့ အင်တာနက်ပေါ်မှာလည်း ငါပဲ အာဏာအပြည့်အဝပိုင်ရမယ်" ဆိုတဲ့မူဝါဒပေါ့။ GFW ဟာ ပြင်ပရန်ကို ကာကွယ်ဖို့ထက် ပြည်တွင်းကို ထိန်းချုပ်ဖို့ ပိုပြီးအသုံးဝင်ပါတယ်။ ဥပမာ၊ ပြည်နယ်တစ်ခုမှာ မကျေနပ်မှုတွေဖြစ်လာရင် GFW ရဲ့ နည်းပညာကိုသုံးပြီး အဲ့ဒီသတင်းတွေ တခြားပြည်နယ်တွေကို မပြန့်သွားအောင် ချက်ချင်းတားဆီးလိုက်တယ်။ ဒီနည်းနဲ့ ပြဿနာကို တစ်နေရာတည်းမှာပဲ အဆုံးသတ်ပြီး တစ်နိုင်ငံလုံးအထိ ကူးစက်မသွားအောင် ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒါ့အပြင် GFW က အစိုးရကို ဝေဖန်တဲ့အသံအားလုံးကို ဖျောက်ဖျက်ပြီး အစိုးရကို ထောက်ခံတဲ့ အသံတွေကိုပဲ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်စေတဲ့အတွက် အင်တာနက်ပေါ်မှာ အစိုးရကို ထောက်ခံသူတွေပဲ အများကြီးရှိတယ်ဆိုတဲ့ 𝗜𝗹𝗹𝘂𝘀𝗶𝗼𝗻 𝗼𝗳 𝗖𝗼𝗻𝘀𝗲𝗻𝘀𝘂𝘀 တစ်ခုကို ဖန်တီးပေးပါတယ်။ အစိုးရကို မေးခွန်းထုတ်ချင်တဲ့သူတွေကိုတောင် "ငါတစ်ယောက်တည်းပဲ ဒီလိုတွေးနေတာလား" ဆိုပြီး စိတ်ဓာတ်ကျသွားစေတယ်။ ဒါကြောင့် GFW ရဲ့ နိုင်ငံရေးတာဝန်က တိုင်းပြည်ကို ကာကွယ်ဖို့ဆိုတာထက် ကွန်မြူနစ်ပါတီရဲ့ အာဏာကို ထာဝရတည်မြဲနေစေဖို့အတွက် တည်ဆောက်ထားတဲ့ ဒစ်ဂျစ်တယ်ခံတပ်ကြီးတစ်ခုပါပဲ။
စီးပွားရေး ရှုထောင့်
GFW က တရုတ်စီးပွားရေးကို ဘယ်လိုဖြစ်စေလဲဆိုတာ ပြောရရင် ဓားသွားနှစ်ဖက်လိုပဲ။ အကာအကွယ်လည်းပေးတယ်၊ တစ်ဖက်ကနေပြန်ပြီး ဒုက္ခလည်းပေးတယ်။ မြင်အောင်ပြောရရင် "ကိုယ့်သားသမီးကို အပြင်မှာ ရန်ဖြစ်မှာစိုးလို့ အိမ်ထဲမှာပဲ တံခါးပိတ်ပြီး မွေးသလိုပေါ့။" GFW ဆိုတဲ့ တံတိုင်းကြီးနဲ့ တံခါးပိတ်လိုက်တော့ အပြင်က Google တို့ Facebook တို့လို ဆရာသမားတွေက ဝင်လာလို့မရတော့ဘူး။ ဒါကြောင့် Google နေရာမှာ Baidu က အစားထိုးဝင်ရောက်လာပြီး၊ Facebook နဲ့ WhatsApp မရှိတဲ့အခါ WeChat က ဘုရင်ဖြစ်လာသလို၊ Amazon ရဲ့ ကြီးမားတဲ့စိန်ခေါ်မှုမရှိတဲ့အတွက် Alibaba က e-commerce ဈေးကွက်ကို ချုပ်ကိုင်နိုင်သွားတယ်။ အားလုံးက ပြည်တွင်း app တွေကိုပဲ သုံးနေရတော့ အဲ့ဒီ app တွေက အလိုလို အင်အားကြီးလာပြီး ငွေပေးချေမှုနဲ့ အစိုးရဝန်ဆောင်မှုတွေအထိပါ လုပ်ဆောင်နိုင်တဲ့ Super App တွေအဖြစ် ကြီးထွားသွားတော့တယ်။ ပြီးတော့ GFW က တရုတ်ပြည်သူ သန်းပေါင်း ၁၄၀၀ ဆီကနေ ထွက်လာတဲ့ data တွေအားလုံးကို ပြည်တွင်းမှာပဲ ရှိနေအောင် ထိန်းသိမ်းပေးထားတဲ့အတွက် ပြည်တွင်း AI ကုမ္ပဏီတွေဟာ တခြားနိုင်ငံတွေက ကုမ္ပဏီတွေထက် အဆပေါင်းများစွာသာလွန်တဲ့ data အရင်းအမြစ်ကြီးကို ပိုင်ဆိုင်ခွင့်ရနေပါတယ်။
ဒီအကာအကွယ်တွေကိုတော့ အလကားမရပါဘူး။ အိမ်ထဲမှာနေခွင့်ပေးထားပေမဲ့ စည်းကမ်းတွေကတော့ တင်းကျပ်တာမျိုးပေါ့။ အစိုးရက "ငါမကြိုက်တဲ့အကြောင်းအရာတွေ မင်းတို့ဆီမှာ နည်းနည်းလေးမှ မမြင်ချင်ဘူး" ဆိုပြီး အမြဲဖိအားပေးထားတဲ့အတွက် TikTok လိုကုမ္ပဏီဆိုရင် အစိုးရမကြိုက်တာတွေ စောင့်ဖျက်ပေးဖို့ချည်းပဲ ဝန်ထမ်းသောင်းချီပြီး ခန့်ထားရတယ်။ ဒီကုန်ကျစရိတ်က လုပ်ငန်းရှင်တွေအတွက် တကယ့်ဝန်ထုပ်ဝန်ပိုးကြီးပါ။ အကြောက်ရဆုံးက အစိုးရက ဘယ်နေ့ စိတ်ပြောင်းမလဲ မသိရတာပါပဲ။ ဒီနေ့ အကောင်းပြောပြီး နောက်နေ့ "မင်းတို့လုပ်ငန်းတွေ အကုန်ရပ်" ဆိုပြီး အမိန့်ထုတ်လိုက်တာမျိုးတွေ ရှိတဲ့အတွက် စီးပွားရေးလုပ်ရတာ ရင်တထိတ်ထိတ်နဲ့ပါ။ Apple လို နိုင်ငံခြားကုမ္ပဏီကြီးတွေတောင် တရုတ်ဈေးကွက်ထဲ ဝင်ချင်ရင် သူတို့ရဲ့ data တွေကို တရုတ်အစိုးရဆီ ပေးရပါတယ်။ ကုမ္ပဏီတိုင်းပေးရတဲ့ 𝗦𝘁𝗮𝗯𝗶𝗹𝗶𝘁𝘆 𝗧𝗮𝘅 လိုမျိုးပေါ့။ နောက်ဆုံးမှာတော့ တရုတ်ကုမ္ပဏီတွေက ဒီလိုစောင့်ကြည့်ထိန်းချုပ်တဲ့နေရာမှာ ဆရာကြီးတွေဖြစ်လာပြီး သူတို့ရဲ့ ဒီထိန်းချုပ်ရေး နည်းပညာတွေကို "ငါတို့နိုင်ငံမှာလည်း မင်းတို့လို ထိန်းချုပ်တဲ့ system လုပ်ချင်တယ်" ဆိုတဲ့ တခြားအစိုးရတွေကို ပြန်ရောင်းစားပါတယ်။ ဒါကကုန်ပစ္စည်းရောင်းတာထက်ပိုပြီး သူတို့ရဲ့ "ထိန်းချုပ်မှု အတွေးအခေါ်" ကိုပါ ကမ္ဘာကို တင်ပို့နေတာဖြစ်ပါတယ်။
နည်းပညာ ရှုထောင့်
GFW ရဲ့ နည်းပညာဆိုင်ရာ လုပ်ဆောင်ပုံက 𝗰𝗼𝗺𝗽𝗹𝗲𝘅 ဖြစ်ပြီး အလွှာပေါင်းများစွာနဲ့ ဖွဲ့စည်းထားပါတယ်။ သူ့ရဲ့ အထိရောက်ဆုံးဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံရဲ့ အင်တာနက်အဝင်အထွက်လမ်းကြောင်းအားလုံးကို နိုင်ငံပိုင်ကုမ္ပဏီတွေက ထိန်းချုပ်ထားတဲ့ 𝗖𝗵𝗼𝗸𝗲𝗽𝗼𝗶𝗻𝘁𝘀 ကနေပဲ ဖြတ်သန်သွားအောင် ဗဟိုချုပ်ကိုင်မှုပုံစံနဲ့ တည်ဆောက်ထားလို့ပါ။ အဲ့ဒီနေရာတွေမှာ စောင့်ကြည့်ရေးစက်ပစ္စည်းတွေကို ကွန်ရက်ရဲ့အူတိုင်ထဲမှာတင် တိုက်ရိုက်ထည့်ပီး ဖန်တီးထားတာပါ။ ဒီနည်းပညာကို အကောင်အထည်ဖော်နေတာဟာ အလိုအလျောက်စနစ်တွေချည်းပဲ မဟုတ်ပါဘူး။ နိုင်ငံတော်ကနေ ခန့်အပ်ထားတဲ့ အင်ဂျင်နီယာတွေ၊ သုတေသနပညာရှင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက ဝန်ထမ်းတွေပါဝင်တဲ့ လူအင်အား အမြောက်အမြားက နေ့ရောညပါ ဒီစနစ်ကြီးကို စောင့်ကြည့်ထိန်းသိမ်းနေတာပါ။
အစောပိုင်းကာလတွေမှာတော့ GFW ဟာ တားမြစ်ထားတဲ့ IP လိပ်စာတွေကို ပိတ်တာ၊ 𝗗𝗡𝗦 𝗣𝗼𝗶𝘀𝗼𝗻𝗶𝗻𝗴 နည်းလမ်းနဲ့ လမ်းလွှဲတာ၊ ပိတ်ထားတဲ့ Keyword ပါတဲ့ traffic တွေကို 𝗧𝗖𝗣 𝗥𝗲𝘀𝗲𝘁 𝗔𝘁𝘁𝗮𝗰𝗸 နဲ့ ဖြတ်တောက်တာလိုမျိုး ရိုးရှင်းတဲ့နည်းလမ်းတွေကိုပဲ အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ အင်တာနက် traffic အများစုက 𝗘𝗻𝗰𝗿𝘆𝗽𝘁𝗲𝗱 ပုံစံကို ပြောင်းလဲလာတဲ့အခါမှာတော့ GFW က ပိုပြီးအဆင့်မြင့်တဲ့ နည်းလမ်းတွေကို ထုတ်သုံးလာပါတယ်။ အထဲက data ကို ဖတ်လို့မရတော့တဲ့အတွက် အပြင်က data ပို့တဲ့ပုံစံရဲ့ သဲလွန်စတွေကို ခွဲခြမ်းစိတ်ဖြာတယ်။ ဥပမာ data ကို ဘယ်သူ့ဆီပို့တယ်ဆိုတာ ဖော်ပြထားတဲ့ မူလလိပ်စာ (𝗦𝗡𝗜 𝗳𝗶𝗲𝗹𝗱) ကို ကြည့်ပြီး ပိတ်ပါတယ်။ အဲ့ဒီလိပ်စာကိုပါ ဖျောက်ထားတဲ့အခါမှာတော့ data ပို့တဲ့ app ရဲ့ 𝗧𝗟𝗦 𝗙𝗶𝗻𝗴𝗲𝗿𝗽𝗿𝗶𝗻𝘁𝗶𝗻𝗴 ကို ကြည့်ပြီး "ဒါ VPN app ပဲ" ဆိုတာ သိတာနဲ့ ချက်ချင်းဖြတ်တောက်ပါတယ်။
အဆင့်အမြင့်ဆုံးအနေနဲ့ကတော့ AI နဲ့ Machine Learning ကိုသုံးပြီး traffic ရဲ့ အမူအကျင့်ကို လေ့လာတာပါ။ ဥပမာ data packet တွေရဲ့ အရွယ်အစား၊ ပို့လွှတ်တဲ့အချိန် ကြားကာလ စတဲ့ပုံစံတွေကိုကြည့်ပြီး ဒါဟာ VPN traffic လား၊ ပုံမှန် traffic လားဆိုတာကို ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် GFW က ခုခံကာကွယ်ရုံသက်သက်မဟုတ်ဘဲ Active Probing လို့ခေါ်တဲ့ နည်းလမ်းနဲ့ သံသယဖြစ်ဖွယ် နိုင်ငံခြား server တွေကို VPN client အဖြစ် ဟန်ဆောင်ပြီး သွားစမ်းသပ်ပါသေးတယ်။ အတည်ပြုပြီးရင် ချက်ချင်းပိတ်လိုက်တယ်။ သူ့ရဲ့ အန္တရာယ်အကြီးဆုံး တိုက်ခိုက်ရေးလက်နက်ကတော့ Great Cannon ဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေရဲ့ traffic တွေကို ကြားဖြတ်ပြီး ပြည်ပက ဝဘ်ဆိုဒ်တွေကို တိုက်ခိုက်ဖို့အတွက် လက်နက်အဖြစ် ပြောင်းလဲအသုံးချနိုင်စွမ်းပါ။ ဒီလို နည်းပညာတွေကြောင့် GFW က မကြာခဏဆိုသလို တရားဝင်လုပ်ငန်းတွေ၊ ပညာရေးဆိုင်ရာ ဝဘ်ဆိုဒ်တွေကိုပါ မှားယွင်းပိတ်ဆို့မိတတ်ပြီး 𝗖𝗼𝗹𝗹𝗮𝘁𝗲𝗿𝗮𝗹 𝗗𝗮𝗺𝗮𝗴𝗲 အဖြစ် နိုင်ငံရဲ့ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်သွားစေပါတယ်။
လူ့အခွင့်အရေး ရှုထောင့်
Great Firewall ရဲ့ အနက်ရှိုင်းဆုံးနဲ့ အမှောင်မိုက်ဆုံး ရိုက်ခတ်မှုကတော့ အင်တာနက်ကို ပိတ်တာထက် အများကြီးပိုပါတယ်။ ဒါဟာ လူသားတစ်ယောက်ရဲ့ အခြေခံအကျဆုံး အခွင့်အရေးတွေအပေါ် တိုက်ရိုက်ကျူးလွန်တဲ့ ဒစ်ဂျစ်တယ် စစ်အင်အားတစ်ခုပါပဲ။ GFW ရဲ့ အခြေခံအကျဆုံး တည်ဆောက်ပုံက အမည်မသိ ရပ်တည်ခွင့်ကို လုံးဝဖျက်ဆီးပစ်တာပါ။ တရုတ်နိုင်ငံမှာ SIM card ဝယ်တာကနေ လူမှုကွန်ရက်မှာ comment တစ်ခုရေးတာအထိ အရာအားလုံးကို နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ ချိတ်ဆက်ထားတဲ့အတွက် အွန်လိုင်းပေါ်က ကလစ်တစ်ချက်ချင်းစီတိုင်းဟာ ကိုယ့်ရဲ့ တကယ့်နာမည်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီးသားဖြစ်နေပါတယ်။ သင်အနေနဲ့ အွန်လိုင်းပေါ်မှာ ပြောခဲ့ ရေးခဲ့သမျှကို တစ်သက်တာလုံး မှတ်တမ်းတင်ထားတဲ့ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗣𝗲𝗿𝗺𝗮𝗻𝗲𝗻𝘁 𝗥𝗲𝗰𝗼𝗿𝗱 ကြီးတစ်ခုကို ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ လွန်ခဲ့တဲ့ ၅ နှစ်က ရေးခဲ့တဲ့ comment တစ်ခုအတွက် ဒီနေ့မှာ ကိုယ့်ကို အရေးယူလို့ ရသွားနိုင်ပါတယ်။
လူတိုင်းရဲ့ အချက်အလက်ကို ရရှိထားခြင်းကပဲ ဖိနှိပ်ရေးအတွက် အကောင်းဆုံးလက်နက် ဖြစ်လာပါတယ်။ ဥပမာ ရှင်းကျန်း (Xinjiang) မှာဆိုရင် အွန်လိုင်းပေါ်မှာ WhatsApp ကို download လုပ်မိတာလိုမျိုး အပြုအမူတစ်ခုတည်းနဲ့ လူတစ်ယောက်ကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတဲ့ တရားမျှတတဲ့ လုပ်ငန်းစဉ် တစ်ခုမှမရှိဘဲ ပြန်လည်သင်ကြားရေးစခန်းကို ပို့လိုက်နိုင်ပါတယ်။ ဆိုလိုတာက အွန်လိုင်းပေါ်က ကလစ်တစ်ချက်က အပြင်လောကက သံတိုင်တံခါးနောက်ကို ရောက်သွားစေနိုင်တယ်ဆိုတာပါပဲ။ တိုက်ရိုက်ဖိနှိပ်တာထက်ပိုပြီး ကြောက်စရာကောင်းတာကတော့ လူတွေရဲ့စိတ်ထဲမှာ "ကိုယ်ပိုင်အကျဉ်းထောင်" တွေ တည်ဆောက်သွားစေတာပါ။ အစိုးရကိုကြောက်လို့ ကိုယ့်ကိုယ်ကိုယ် ဆင်ဆာလုပ်ရုံသာမက၊ကိုယ်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ WeChat မှာ စကားပြောရင်တောင် စိတ်ထဲရှိတဲ့အတိုင်း မပြောရဲကြတော့ပါဘူး။ ဒီလိုနဲ့ လူအချင်းချင်းကြား ယုံကြည်မှုတွေ ပျက်ပြားပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေပါတယ်။ နောက်ဆုံးမှာ လူတွေက သူတို့အချင်းချင်း "မျိုးချစ်စိတ်မရှိဘူး" ဆိုတဲ့ အတွေးအခေါ်တွေနဲ့ အပြန်အလှန် စောင့်ကြည့်ပြီး အာဏာပိုင်တွေဆီကို သတင်းပို့တဲ့အဆင့်အထိ ရောက်သွားပါတယ်။ အဲ့ဒီအခါမှာတော့ အစိုးရဟာ အပြင်ကနေ ထိန်းချုပ်စရာမလိုတော့ဘဲ ပြည်သူလူထုက သူတို့ကိုယ်တိုင်နဲ့ သူတို့အချင်းချင်းကို ပြန်လည်ထိန်းချုပ်တဲ့ Self-policing Society တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ဒါဟာ GFW ရဲ့ အအောင်မြင်ဆုံးနဲ့ အကြောက်စရာအကောင်းဆုံး ရလဒ်ပါ။
နိုင်ငံတစ်ခုဟာ ဒီစနစ်ကြီးတစ်ခုလုံးကိုသာသုံးလာခဲ့မယ်ဆိုရင် ဘယ်လိုအနာဂတ်မျိုးကို ရင်ဆိုင်ရမလဲ။ အကျိုးဆက်ကတော့ အင်တာနက်သုံးမရတာထက် အဆပေါင်းများစွာ ပိုနက်ရှိုင်းပါတယ်။ နိုင်ငံရေးအရ အသံအားလုံးကို ပိတ်ပြီး စီးပွားရေးအရ ကမ္ဘာနဲ့အဆက်ဖြတ်တာ၊ လူမှုရေးအရ အပြန်အလှန်မယုံကြည်မှုတွေကို မွေးဖွားပေးမယ့် စနစ်တစ်ခုပါပဲ။
အတိုချုပ်ပြောရရင် Great Firewall ဆိုတာ နည်းပညာတစ်ခုတည်းမဟုတ်ဘဲ လူတစ်ယောက်ရဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်စွမ်းနဲ့ အမှန်တရားကိုရှာဖွေနိုင်စွမ်းကို တိုက်စားဖျက်ဆီးသွားမယ့် ဒစ်ဂျစ်တယ်ကင်ဆာတစ်ခုပါပဲ။ ဒီလမ်းကိုရွေးချယ်လိုက်ခြင်းဟာ နိုင်ငံရဲ့အနာဂတ်တံခါးကို ကိုယ့်လက်နဲ့ကိုယ် ပြန်ပိတ်လိုက်တာနဲ့ ဘာမှမခြားပါဘူး။
မူရင်း post ကို Share ခြင်းဖြင့် ပြန်လည်မျှဝေနိုင်ပါတယ်။
iPhone myMac
Click here to claim your Sponsored Listing.