Angel Number 1010
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Angel Number 1010, Art, Hamilton.
04/11/2023
ဝေး
ဒူဘိုင်းက နတ်တွေလိုပဲ အမြဲတမ်း ဇိမ်တွေ့ချင်။
သွေးကြောများအတွင်းသို့
ငြိမ်ဆေးဟာ မြိန်သရွေ့ဝင်မယ်။
မသိမ်မွေ့ခင်တော့ အကြမ်းဆုံးလမ်းမှာ
စိန်ပြေးတမ်း ကစားဖို့ အဖော်ရှာ။
လမ်းကြားကဘော်ဒါကြီးများနဲ့
ကျောင်းဆင်းချိန်ဆို ပုခုံးဖက် အပျော်ရှာ။
ဒီလိုနဲ့ အိမ်ပြန်လမ်းပျောက်တဲ့ ညနေတွေမှာ
ဇိမ်ခံပန်းခြောက်နဲ့ အသက်ခြွေခဲ့။
အမေ့ရဲ့ မျှော်လင့်ခြင်း
တေးသွားများဟာလည်း ရက်ရှည်ခဲ့။
အမေ့ရဲ့ မျက်ရည်တွေဟာလည်း ရက်ရှည်ခဲ့။
ငါ့ရဲ့ အိမ်ပြန်ချိန်များဟာ
နောက်ကျခြင်းနဲ့ ယဉ်ပါးလာတဲ့ အခါ
ငါ့သွေးတွေဟာ ငါ့ကို ပြန်သတ်၊
ညမှာ အမဲလိုက်ဖို့ လ ကို ခြံခတ်။
ဟိုအရင် ညများကဆို လမ်းထိပ်အုတ်ခုံမှာ
ကျောင်းသွားဖော်တွေနဲ့
တေးသံများ ဖြန့်ဖြူး ၊ပျော်မြူးခဲ့ကြ။
အခုတော့ဖြင့်
ကျောင်းသွားဖော်တွေနဲ့ အကန့်ပျက်၊
ပတ်ဝန်းကျင် နဲ့ အကန့်ပျက်၊
ပညာရေးနဲ့ အကန့်ပျက်၊
လူမှုရေးနဲ့ အကန့်ပျက်။
အမေဟာ ရပ်ကွက်ထဲ မှာ ရင်ကွဲ၊
လောက အလယ်မှာ ရင်ကွဲ။
စကားပြောတတ်တဲ့ မျက်လုံးတွေဟာလည်း
အမေနဲ့ ကျွန်တော့်အပေါ်မှာ ပွဲကျခဲ့။
အမေဟာ အမှားကို နားချခဲ့သော်လည်း
အမှန်တရားဟာပြန်မလာ။
မိစ္ဆာ ကျက်စားတဲ့ ဒီခန္ဓာမှာ ကံကြမ္မာက
အဖြေဖော်နေတဲ့ ဝှက်စာတွေနဲ့။
အဖြေတွေ ..... အဖြေတွေ ..... အဖြေတွေ
ငါ့ တစ်ကိုယ်လုံးမှာ အဖြေတွေ။
မေးခွန်းမလိုတော့တဲ့ အဖြေတွေ။
ဘယ်သူမဆို သိနိုင်ရဲ့။
လ ကို ခြံခတ်စရာမလိုတဲ့ လကွယ်တစ်ညမှာ
ငါ့ခန္ဓာထဲ လူစိတ်ဝင် ဖို့
ငါ့ရဲ့ သော့ပိတ် အခန်းထဲကို
လူ အဝင်စိပ်ခဲ့။
တေးခြူသံများအား
ခွေးအူသံထင်မိခဲ့ရတဲ့ ညဟာလည်း
ဘိန်းစားရဲ့ "ငရဲည" ဖြစ်ခဲ့။
ထိုညမှာ ယိမ်းသမနဲ့ တွဲကဖို့ အဆင်မပြေ။
အပြင်လေ များဟာ ဆာလောင်ခြင်းကို ဝင်မွှေ။
ငါ့ရဲ့ မြင်ကွင်းတွေမှာလည်း
အဖြူရောင်များ ကြီးစိုးလိုက်၊
အမည်းရောင်များ ထီးလို မိုးလိုက်နဲ့
ငါဟာ ခြေသံလုံဖို့ ကြိုးစားနေခဲ့။
ငါ့ခြေသံများ ငြိမ်ကျသွားတဲ့ ခဏတာမှာ
ငါဟာ ပန်းတစ်ပွင့်လို ပွင့်ခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ငါဟာ လေပြင်းပြင်း
တစ်ချက်ဖြစ်သွား၍ ထိုပန်းပွင့်လေးအား
ဆွတ်ချူမိခဲ့ပြန်တယ်။
ဒါကြောင့်
တရားခံနဲ့တရားလိုဟာလည်း
ငါတစ်ယောက်တည်းပဲ။
ရှေ့နေနဲ့ တရားသူကြီး မလိုတဲ့ ဒီအမှုမှာ ငါဟာ
ကိုယ့်ကိုယ်ကို စီရင်ချက်ချခဲ့။
ငါသည်
ပစ်မှတ် နံပါတ် (........) မှာ
ကျည်ဆံ နံပါတ် (........) နဲ့ ချုပ်ငြိမ်းခဲ့ပြီ။
ကျွန်တော့် ဘဝရဲ့
လက်ရေးသင် သက္ကရာဇ် အစမှာ
ကျွန်တော် စ ရေးတဲ့ ဝလုံးဟာ
အမေ့အတွက်
အဝိုင်းဆုံးပဲလို့ အမေပြောခဲ့ရဲ့။
အခုတော့ အဲ့ဒီ အဝိုင်းဆုံး ဝလုံးတွေဟာ
အမေ နဲ့ ကျွန်တော့်ကို အဝေးကြီး ဝေးစေခဲ့ပြီ။
တကယ်ဆိုရင် ကျွန်တော်ဟာ
မူးယစ်ဆေးတွေနဲ့ အဝေးဆုံးမှာ နေခဲ့သင့်တယ်....
÷÷HE÷÷
14/10/2023
11/10/2023
Title - တဖက်သတ် နာရေး
လူတွေကို စီကာပတ်ကုံးဆက်ဆံဖို့ အရေး
အရင်ဆုံး ကိုယ့်ကိုကိုယ် တံတွေးနဲ့ ပြန်ထွေးရတယ်။
ပြီးရင်တော့ ဆူးတွေကို
တကူးတက ဆုပ်ကိုင်ပြီး တယုတယ နုပြရတယ်။
ဒီနည်းနဲ့ပဲ ငါဟာ
ကိုယ့်တံတွေးခွက်ထဲမှာ ကိုယ်
သိုးမည်းနဲ့ လမ်းသလားခဲ့။
ဒုက္ခအရောင်းသွက်တဲ့ နေ့တွေမှာ
ငါ့ရဲ့ မွေးစားမိတ်ဆွေ တွေ ဘယ်ရောက်နေလဲ။
ကိုယ်စီကိုယ်ငှ တောက်ပရေးအတွက်
အစာအိမ်အကြောင်း
ငယ်ကျိုးငယ်နာဖော်နေကြရောပေါ့။
ငါလည်း အချိုရည်လောင်းရင်း
တရိုတသေပေါင်းသင်းခဲ့တာပဲ။
အခုတော့ ငါ့ရဲ့လက်မှာ
ပုရွက်ဆိတ်အုံတာပဲ အဖက်တင်တယ်။
အာတဲ့ သူက အာ
အာတဲ့သူကို ကာတဲ့ သူက ကာ
ကာတဲ့သူကို တသသနဲ့ သတဲ့သူက သ။
ဒီ အာကာသ အဖွဲ့အစည်း
ငါနဲ့ key မကိုက်ဘူး။
အကယ်၍ များ ဒီ အဖွဲ့အစည်းက
မျဉ်းကောက်တစ်ကြောင်းဆိုရင်တော့
မျဉ်းကောက်တွေရဲ့ မပြည့်စုံခြင်းမှာ ငါ့ကိုပါထည့်။
ပြီးရင်တော့ အဆင်ပြေပြေ နေကြပေါ့။
ခြေမတစ်ချောင်းတည်းနဲ့ လျှောက်ရမယ့်
ခရီးမှ မဟုတ်တာ။
ဓာတ်ဆိုးတဲ့ သူတွေနဲ့ ဒိုးဇက် အတူ
ဆော့မိတဲ့ ငါပဲ သေချင်စော်နံ ပေးမယ်။
ဘာမှ ပူမနေနဲ့ ။
စိတ်လိုလက်ရရှိတဲ့
မနက်တစ်ခုရောက်ရင်တော့
ငါ့ရဲ့ တဖက်သတ် နာရေးအတွက်
ငါကိုယ်တိုင် အမိန့်စာပြန်မယ်။
နားထောင်ကြ။
အားလုံး နားထောင်ပေးကြ။
"ယနေ့မှ စ၍ ကျွန်တော်သည် မည်သူတစ်ဦး တစ်ယောက်နှင့်မျှ သက်ဆိုင်ခြင်းမရှိတော့ပါ"
÷÷ HE ÷÷
11/10/2023
Title - ကြားကာလ
အ၀တ်အစား ဗီရိုကို ဆွဲဖွင့်တော့
မိုးယိုပေါက်ပါတဲ့ အင်္ကျီတွေ အပုံလိုက်
ထောင့်တစ်ခုမှာ ကပ်နေတယ်။
ငါ့ သူငယ်ချင်း လက်ကောက်၀တ်က
Diamond Shaped Tattoo လိုမျိုး
အရောင်မတောက်။
ငါ ပြန်၀တ်ကြည့်တော့ ကြပ်နေတယ်။
ကွေးထားတဲ့ လက်တွေကို ဆန့်ကြည့်ပြီးပြီ။
ဘာတစ်ခုမှ မရခဲ့ဘူး။
သံလိုက်အိမ်မြှောင် မပါဘဲ ခရီးသွားခဲ့လို့ဖြစ်မယ်။
ဆက်သွယ်မရသေးတဲ့ ကြားကာလဆီကို သွားဖို့
ဆက်သွယ်ရေးလိုင်းတွေက တစ်ဆင့််
အကူအညီတောင်းကြည့်တယ်။
"အားနာပါတယ် ရှင်"ကလွဲလို့ ဘာမှ မကြားခဲ့ဘူး။
ငါ ထွက်သွားတဲ့ အချိန်က စပြီး
ငါ ပြန်မရောက်ခင် တစ်စက္ကန့် အလို
ကြားကာလ မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ။
ထို ကြားကာလ ဆီကို ခရီးသွားဖို့
နောက်ထပ် ကြားကာလ ဘယ်နှခုကို ထပ်ကြုံရဦးမလဲ။
÷÷ HE ÷÷
ငါ့မျက်စိကိုဘောင်ခတ်ပါ
ကမ္ဘာအပြင်ကိုငါမြင်ရပါစေ
ငါ့ခန္ဓာကိုညှင်းပန်းပါ
ပန်းလေးနဲ့ စကားတွေပြောပါရစေ
ငါ့စိတ်ကိုဘောင်ခတ်ဖို့လား
အဲ့ဘောင်ဟာလိုလောက်အောင်ကြီးဖို့တော့လိုမယ်
🕸️TA
16/09/2023
ဝတ္ထုတိုလေးတစ်ပုဒ်ကို အပိုင်းတွေ ခွဲပြီး စတင်ပေးပါမယ်။
Coming Soon - `နွေကဲ့သို့ နွယ်´
15/09/2023
နေမဝင်အလွမ်း
🕸️TA
12/09/2023
☕
မဖြစ်နိုင်မှန်းလည်း သိတယ်။
မချစ်နိုင်မှန်းလည်း သိတယ်။
ဒါပေမယ့်
မင်း ပျော်ဖို့အရေး
ဖြည့်ဆည်းပေးခွင့် ရရုံနဲ့တင်
ခုနှစ်ထပ်မြောက် နတ်ပြည်ကို ရောက်နေပါပြီ။
÷÷HE÷÷
လမ်းမပေါ်မှာ ငပေလေးတစ်ယောက်
လမ်းပျောက်နေလား လမ်းမှားမှာစိုးနေလားမသိ
သူတစ်ခုခုတော့ဖြစ်နေတယ်
သူ့နောက်ကလည်း တစ်စုံတစ်ခုဟာ
ကမူးရှူးထိုးလိုက်နေလေရဲ့
သူရပ်နေလို့လည်းမရ
သူသွားလို့လည်းမရ
နောက်ဆုံးကျ သူ့မျက်လုံးကိုဖောက်
သူ့ခြေထောက်ကိုသူဖြတ်ချလိုက်တယ်
သူ့အနားမှာ
ပန်းနုရောင်လိပ်ပြာလေးတွေဝဲပျံလို့
သူ့နောက်ကလိုက်နေတဲ့
တစ်စုံတစ်ခုဟာလည်း သူ့ကို ငုံ့ကြည့်လို့
🕸️TA
Click here to claim your Sponsored Listing.