STAR MEDIA
Broadcasting & Media Production
12/05/2026
■ ဟောမုဇ်ရေလက်ကြားဆီ စစ်သင်္ဘောတွေ လွှတ်ရင် အကျိုးဆက်တွေ လှပမှာ မဟုတ်ဘူးလို့ ဗြိတိန်နဲ့ ပြင်သစ်ကို အီရန် ခြိမ်းခြောက်
ဟောမုဇ် ရေလက်ကြားဆီကို စစ်သင်္ဘောတွေ စေလွှတ်မယ်ဆိုရင် အကျိုးဆက်တွေက လှပမှာ မဟုတ်ဘူးလို့ အီရန်က ဗြိတိန်နဲ့ ပြင်သစ်တို့ကို ခြိမ်းခြောက်သတိပေးခဲ့ပါတယ်။
ဥရောပ နိုင်ငံတွေ အနေနဲ့ စစ်သင်္ဘောတွေ ဖြန့်ကျက်စေပြီး အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေးတင်းမာမှုကို ပိုပြီး ရှုပ်ထွေး ဆိုးရွားလာအောင် မလုပ်သင့်ဘူးလို့လည်း အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မေ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်တို့က အရှေ့အလယ်ပိုင်းဆီ စစ်သင်္ဘောတွေ စေလွှတ်ဖို့ စီစဉ်ခဲ့တဲ့နောက် အီရန်ဖက်က အခုလို ခြိမ်းခြောက်မှုဆန်ဆန် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ရန်လို တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားထဲ ဝင်ရောက်လာမယ့် ဗြိတိန်နဲ့ ပြင်သစ် စစ်သင်္ဘောတွေဟာ ပြတ်သားပြီး ထိရောက်မြန်ဆန်တဲ့ တုံ့ပြန်မှုတွေကို ကြုံလာရလိမ့်မယ်လို့ အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီက ဆိုပါတယ်။
ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက တော်ဝင်ရေတပ်ရဲ့ HMS Dragon စစ်သင်္ဘောကို အရှေ့အလယ်ပိုင်း ဒေသဆီ ပို့ဆောင်လိုက်ကြောင်း ကြေညာပြီးတဲ့နောက် အီရန်က အခုလို သတိပေးခဲ့တာပါ။
အဲဒီ သင်္ဘောဟာ ဟောမုဇ် ရေလက်ကြား လုံခြုံရေးကို ကူညီ စောင့်ရှောက်မယ့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး မစ်ရှင်မှာ ချိတ်ဆက်ဖွယ် ရှိပါတယ်။
ဒါပေမဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာတို့က အဲဒီလို လုံခြုံရေး မစ်ရှင်မျိုးဟာ အမေရိကန်နဲ့ အီရန်တို့ကြားက စစ်ပွဲ အဆုံးသတ်သွားပြီးမှ ဖြစ်လာနိုင်လိမ့်မယ်လို့လည်း ပြောကြားထားပါတယ်။
လောလောဆယ် အီရန်စစ်ပွဲက အပစ်အခတ် ရပ်စဲထားပေမယ့် တရားဝင် အဆုံးသတ်နိုင်ဖို့ အတွက်တော့ အမေရိကန်နဲ့ အီရန်တို့ကြားက ညှိနှိုင်းမှုတွေ အဆင်မပြေသေးပါဘူး။
ရေလမ်းကြောင်းတွေကို ကာကွယ်ဖို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဟောမုဇ် တဝိုက်မှာ ဖျက်သင်္ဘောတွေ ထပ်ပြီး ဖြန့်ကျက်လာမယ့် လုပ်ရပ်တိုင်းဟာ လက်ရှိ ပဋိပက္ခကို ပိုပြီး အရှိန်မြင့်လာစေမှာ ဖြစ်ကြောင်း၊ ဗြိတိန်၊ ပြင်သစ်၊ ဒါမှမဟုတ် ဘယ်နိုင်ငံဆီကပဲဖြစ်ဖြစ် ရောက်လာမယ့် စစ်သင်္ဘောတွေဟာ အမေရိကန်ရဲ့ လက်ရှိ တရားလက်မဲ့ ကိစ္စတွေမှာ ပူးပေါင်း ပါဝင်မယ်ဆိုရင် အီရန် လက်နက်ကိုင် တပ်တွေရဲ့ ပြတ်သားပြီး မြန်ဆန်တဲ့ တုံ့ပြန်မှုကို ကြုံတွေ့ရမှာဖြစ်ကြောင်း ဂါရီဘာဘာဒီက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့ အခြေအနေတွေကို ပိုရှုပ်ထွေးအောင် မလုပ်ကြဖို့ အီရန်က အကြံပြုလိုကြောင်းလည်း သူက ဆိုပါတယ်။
လက်ရှိမှာတော့ အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ထားပြီး ဟောမုဇ်ရဲ့အထွက် အိုမန်ပင်လယ်ကွေ့မှာတော့ အီရန် ရေယာဉ်တွေ ဖြတ်သန်းမှုကို တားဆီးဖို့ အမေရိကန် ရေတပ်က ဖြန့်ကျက် နေရာယူထားပါတယ်။
ဟောမုဇ် ရေလက်ကြားဟာ နေ့စဉ် ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှု စုစုပေါင်း ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေတဲ့ မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုပါ။ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့ခံထားရခြင်းက နိုင်ငံတကာမှာ ရေနံနဲ့ လောင်စာဆီ စျေးတွေ မြင့်တက်လာစေပြီး စွမ်းအင်အကျပ်အတည်း တစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ကိုးကား - Independent
#အီရန်
#ဗြိတိန်
#ပြင်သစ်
#ဟောမုဇ်ရေလက်ကြား
#စစ်ရေးတင်းမာမှု
#အရှေ့အလယ်ပိုင်း
#နိုင်ငံတကာသတင်း
#ကမ္ဘာ့ရေးရာ
11/05/2026
■ အပစ်ရပ်သဘောတူညီမှု ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲနေကြတဲ့ ယူကရိတ်နဲ့ ရုရှား
အမေရိကန် ကြားဝင် စေ့စပ်ပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန် စွပ်စွဲ ပြောကြားခဲ့ကြပါတယ်။
စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားမှာ မေ ၉ ရက်ကစပြီး သုံးရက်ကြာအောင် အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မေ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။
မေ ၉ ရက်ဟာ ဒုတိယကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီကို ဆိုဗီယက် တပ်တွေက အနိုင်ရခဲ့တဲ့ ရုရှားရဲ့ နှစ်ပတ်လည် စစ်အောင်ပွဲနေ့လည်း ဖြစ်ပါတယ်။
အဲဒီနေ့က စစ်ရေးပြ ချီတက်ပွဲမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း စစ်ပွဲကို သိပ်မကြာခင် အဆုံးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း မိန့်ခွန်းပြောခဲ့ပါသေးတယ်။
မေ ၁၀ ရက်မှာတော့ ရုရှားရော၊ ယူကရိန်းကပါ အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို ချိုးဖောက်ပါတယ်ဆိုတဲ့ အပြန်အလှန် စွပ်စွဲချက်တွေ စတင်လာကြပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်စကီးက ရုရှားဟာ အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရပ်နားထားပေမယ့် ရှေ့တန်းစစ်မြေပြင်မှာတော့ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ မရပ်သေးဘူးလို့ မေလ ၁၀ ရက်က ပြောကြားခဲ့ပါတယ်။
တစ်နည်းအားဖြင့် ရှေ့တန်းနေရာတွေမှာ ရုရှားစစ်တပ်ဟာ အပစ်ရပ် သဘောတူညီမှုကို လေးစားမှု မရှိသလို လက်တွေ့ ကျင့်သုံးဖို့ နည်းနည်းလေးတောင် ဆန္ဒရှိပုံ မရကြောင်း ဇလန်စကီးက ဆိုပါတယ်။
အလားတူ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းရဲ့ ဒရုန်းပေါင်း ၅၇ စင်းကို ပစ်ချခဲ့ရတယ်လို့ မေ ၁၀ ရက် ညပိုင်းမှာ ကြေညာခဲ့ပါတယ်။
ယူကရိန်းဖက်က အပစ်ရပ် သဘောတူညီမှု ချိုးဖောက်တာတွေကြောင့် ရုရှားဟာ စစ်မြေပြင်မှာလည်း သင့်တော်သလို တုံ့ပြန်တာတွေ ရှိခဲ့ကြောင်း အဲဒီ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ထရမ့်က စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား သုံးရက်ကြာ အပစ်ရပ်မယ့်အကြောင်း ကြေညာရာမှာ တစ်ဖက်စီက ဖမ်းထားတဲ့ စစ်သုံ့ပန်း ၁၀၀၀ စီကို အလဲအလှယ်လုပ်ဖို့လည်း ထည့်သွင်း အဆိုပြုခဲ့ပါတယ်။
ဇလန်စကီးက အမေရိကန် အာမခံထားတဲ့ အဲဒီ သုံ့ပန်းလဲလှယ်ရေးကိစ္စ လက်တွေ့ ဖြစ်လာဖို့ အမှန်တကယ် လိုလားကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ရုရှားနဲ့ ယူကရိန်းတို့ဟာ နှစ်ဖက် ညှိနှိုင်းထားတာမျိုး မဟုတ်ဘဲ ကိုယ်စီ သဘောထားတွေနဲ့ အပစ်ရပ် ကာလတွေ အသီးသီး ကြေညာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဥပမာ ယူကရိန်းက မေ ၆ ရက်ကစပြီး ရက်အကန့်အသတ်မရှိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ပေမယ့် ရုရှားက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို အပြီးတိုင် ရပ်စဲစေဖို့ ကြားဝင် ညှိနှိုင်းပေးနေပေမဲ့ တိုးတက်မှုတွေကိုတော့ ထင်သာမြင်သာ မတွေ့ရပါဘူး။
လက်ရှိမှာ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းညက်စ်ခ် ပြည်နယ်ထဲမှာ ယူကရိန်းတပ်တွေ ထိန်းချုပ်ထားဆဲ နောက်ဆုံးလက်ကျန် အစိတ်အပိုင်းတွေကို သိမ်းယူနိုင်ဖို့ ထိုးစစ်အရှိန် မြှင့်တင်နေကြောင်းလည်း သိရပါတယ်။
ကိုးကား - Reuters
Photo - Reuters
#ရုရှားယူကရိန်းစစ်ပွဲ
#အပစ်အခတ်ရပ်စဲရေး
#ဒေါ်နယ်ထရမ့်
#ဇီလန်စကီး
#ပူတင်
#စစ်သုံ့ပန်းလဲလှယ်ရေး
#နိုင်ငံတကာသတင်း
#ကမ္ဘာ့ရေးရာ
11/05/2026
■ အီရန်စစ်ပွဲကြောင့် အမေရိကန်နဲ့ တရုတ် ထိပ်သီးဆွေးနွေးပွဲ ရက်ရွှေ့လိုက်ကြောင်း တရုတ် အတည်ပြု
အီရန်စစ်ပွဲကြောင့် အခြေအနေတွေ တင်းမာနေပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်ခရီးစဉ် ရက်သတ်မှတ်ချက်ကို ဘေဂျင်းအစိုးရက အခုသီတင်းပတ်မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အမေရိကန်သမ္မတတစ်ဦးရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါတယ်။
၂၀၁၇ မှာ နောက်ဆုံးအဖြစ် တရုတ်နိုင်ငံကို လာရောက်ခဲ့တဲ့ သမ္မတထရမ့်ဟာ အခုခရီးစဉ်အတွင်းမှာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
အားလုံးက စောင့်မျှော်နေကြတဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ အီရန်စစ်အခြေအနေကြောင့် တစ်ကြိမ်ရက်ရွှေ့ခဲ့ရပြီး မေ ၁၄ ရက်ကနေ ၁၅ ရက်အတွင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမယ်လို့ အိမ်ဖြူတော်က အစောပိုင်းမှာ ကြေညာထားပါတယ်။
"သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မေ ၁၃ ရက်ကနေ ၁၅ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မှာဖြစ်ပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဒီနေ့ (မေ ၁၁ ရက်) မှာ ရေးသားဖော်ပြပါတယ်။
အခုဆိုရင် သုံးလထဲကို ရောက်ရှိလာပြီဖြစ်တဲ့ အီရန်ပဋိပက္ခ ပြေလည်မှု မရမချင်း ဒီခရီးစဉ်ကို ရှေ့ဆက်ဖို့ ရှီကျင့်ဖျင်အစိုးရဘက်က သတိကြီးကြီးထား စောင့်ကြည့်နေခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ဆိုပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်နှစ်ဘက်စလုံးဟာ မခိုင်မြဲသေးတဲ့အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေကြရသလို ပဋိပက္ခကို အဆုံးသတ်ဖို့ တင်ပြလာတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တွေကိုလည်း အပြန်အလှန်ပယ်ချထားကြတုန်းပါ။
#တရုတ်သမ္မတ
#အီရန်
#အမေရိကန်သမ္မတ
#ထိပ်သီးဆွေးနွေးပွဲ
#ရက်ရွှေ့
11/05/2026
■ သက်ဆင် ထောင်က ပြန်လွတ်ပြီ
ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှီနာဝတ်ထ်ဟာ ထောင်ဒဏ် ကျခံနေရာကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
သူဟာ စုစုပေါင်း ကျခံရတဲ့ ထောင်ဒဏ် တစ်နှစ်ထဲက သုံးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လျှော့ပေါ့ခံစားခွင့် ရခဲ့တဲ့နောက် ထောင်ဒဏ် ရှစ်လပြည့်ချိန် မေ ၁၁ ရက်မှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ပြစ်ဒဏ်ကာလထဲ အကျုံးဝင်တဲ့ နောက်ထပ် လေးလတာအတွင်း သူဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကို ညွှန်ပြတဲ့ အီလက်ထရောနစ် ခြေရာခံ ကိရိယာကိုတော့ ဆက်ပြီး ဝတ်ဆင်ထားရမယ်လို့ ဆိုပါတယ်။
အစောပိုင်းတုန်းကတော့ သက်ဆင်ရဲ့ အသက်အရွယ်ကြောင့် အဲဒီ ကိရိယာကို ဝတ်ထားစရာ မလိုဘဲ ကင်းလွတ်ခွင့် ပေးမယ်လို့ သတင်းတချို့ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံး စည်းမျဉ်းအရတော့ ဆက်ပြီး ဝတ်ထားဖို့ လိုအပ်လိမ့်မယ်လို့ သိရပါတယ်။
ပြည်ပမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ တိမ်းရှောင်နေခဲ့တဲ့ သက်ဆင်ဟာ ၂၀၂၃ မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီး သူ့ရဲ့ မျက်ကွယ်မှာ ချမှတ်ထားတဲ့ အဂတိမှု၊ အာဏာ အလွဲသုံးစားမှုလို ပြစ်ဒဏ်တွေအတွက် ထောင်ဒဏ် ရှစ်နှစ် စီရင်ချက်ကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းဘုရင်ရဲ့ အမိန့်အရ သူ့ရဲ့ ပြစ်ဒဏ်ကို တစ်နှစ်အထိ လျှော့ချပေးခဲ့ပါတယ်။
သက်ဆင်ဟာ အကျဉ်းထောင်ထဲမှာ တစ်ရက်ပြည့်အောင် မနေခဲ့ဘဲ ကျန်းမာရေး အခြေအနေကို အကြောင်းပြပြီး ခြောက်လလုံးလုံး ဆေးရုံတက်နေခဲ့ပါတယ်။ ဆေးရုံရဲ့ VIPခန်းမှာ ခြောက်လ ကြာမြင့်ပြီးတဲ့နောက် အထူး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သက်ဆင်က ပြန်လွတ်လာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဖြစ်ရပ်အပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့တဲ့နောက် တရားရုံးမှာ ပြန်လည်စစ်ဆေးခဲ့ပြီး သက်ဆင် ဆေးရုံတက်နေခဲ့တဲ့ ကာလကို ထောင်ဒဏ်အဖြစ် သတ်မှတ်လို့ မရကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် မနှစ်က စက်တင်ဘာလမှာ သက်ဆင်ဟာ မူလ ပြစ်ဒဏ်အတိုင်း ထောင် တစ်နှစ် စီရင်ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ ဘန်ကောက်မှာရှိတဲ့ ခလွန်ပရမ် ထောင်ထဲမှာ ရှစ်လကြာ ဖြတ်သန်းအချိန်ကုန်ခဲ့ပြီး မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။ သက်ဆင်ဟာ ထောင်ရှေ့မှာ လာစောင့်ကြိုနေတဲ့ မိသားစုဝင်တွေနဲ့ ပွေ့ဖက်နှုတ်ဆက်နေခဲ့ပြီး သူ့ကို အားပေးထောက်ခံတဲ့ ရှပ်နီ အင်အားစုဝင် ရာဂဏန်းလောက်ကလည်း စုဝေး ကြိုဆိုခဲ့ကြပါတယ်။ တချို့က သက်ဆင်ကို ချစ်တယ်လို့ အော်ဟစ်နေခဲ့ကြပါတယ်။
သက်ဆင် လွတ်မယ့်နေ့မှာ ခွင့်ယူပြီး လာကြိုတဲ့ အသက် ၇၀ အရွယ် ဂျန်သာနာ ချိုင်ဒက်ဂျ်ဆိုတဲ့ စားသောက်ဆိုင် စားဖိုမှူးက သက်ဆင်ဟာ နိုင်ငံရေး လောကကို ကျောခိုင်းသွားမယ်လို့ သူတော့ မထင်ဘူးလို့ ပြောပါတယ်။
သက်ဆင်ဟာ ထောက်ခံသူတွေကို ပြုံးပြပြီး လက်ဝှေ့ယမ်း ကားတစ်စီးနဲ့ ထွက်ခွာသွားပါတယ်။ သူဟာ ထောင်ရှေ့မှာ စောင့်နေခဲ့တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို မဖြေခဲ့ပါဘူး။
သက်ဆင်ဟာ ၂၁ ရာစုအတွင်း ထိုင်းနိုင်ငံရေး လောကမှာ ပုံရိပ်အကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။
သူဦးဆောင်တဲ့ ဖျူထိုင်းပါတီဟာ လက်ရှိမှာ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူရဲ့ ဖုန်ချိုင်ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်နေပါတယ်။
ကိုးကား - AFP
Photo - Reuters
#သက်ဆင်
#ထိုင်းနိုင်ငံရေး
#ထောင်မှလွတ်မြောက်ခြင်း
#ရှပ်နီ
#ဖျူထိုင်းပါတီ
#နိုင်ငံတကာသတင်း
#ထိုင်းသတင်း
10/05/2026
■ အီရန်ရေယာဉ်တွေ တိုက်ခိုက်ခံရရင် ဒေသတွင်းက အမေရိကန်စစ်စခန်းတွေကို ပြန်တိုက်မယ်လို့ အီရန် သတိပေး
အီရန် ရေယာဉ်တွေ ပစ်ခတ်ခံရရင် အရှေ့အလယ်ပိုင်း ဒေသအနှံ့မှာရှိတဲ့ အမေရိကန်ရဲ့ အဆောက်အအုံတွေနဲ့ တခြားတည်နေရာတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) က သတိပေး ပြောကြားလိုက်ပါတယ်။
အမေရိကန်ဟာ ဟောမုဇ်ရေလက်ကြား အထွက် ပင်လယ်ပြင်မှာ ရေတပ်တွေ ဖြန့်ကျက်ပိတ်ဆို့ပြီး အီရန်ဆိပ်ကမ်းတွေကနေ ထွက်ခွာလာတဲ့ သင်္ဘောတွေကို တောက်လျှောက် တားဆီးထားပါတယ်။
အဲဒီလို တားဆီးရာမှာ သင်္ဘောတွေရဲ့ အင်ဂျင်ခန်းတွေနဲ့ ရေယက်တွေကို ပစ်ခတ် ဖျက်ဆီးတဲ့ နည်းလမ်းမျိုးတွေကိုလည်း အသုံးပြုနေပါတယ်။
မေ ၉ ရက်မှာတော့ IRGC က အီရန်ရဲ့ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို တိုက်ခိုက်တဲ့ ဘယ်လိုလုပ်ရပ်မျိုးမဆို ဒေသတွင်းက အမေရိကန် တည်နေရာတွေမှာ အကြီးအကျယ် တိုက်ခိုက်ခံရတဲ့ အကျိုးဆက်မျိုး ကြုံလာစေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မေ ၈ ရက်တုန်းက အိုမန်ပင်လယ်ကွေ့မှာ အီရန် ရေနံတင်သင်္ဘော နှစ်စင်းဟာ အမေရိကန် တိုက်ခိုက်မှုကို ခံခဲ့ရတဲ့နောက် အီရန်ဖက်က အခုလို တုံ့ပြန်သတိပေးလာတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အီရန်နဲ့ အမေရိကန်တို့ဟာ အပစ်အခတ် ရပ်စဲထားကြပါတယ်။ အခုသီတင်းပတ်ထဲမှာ ဟောမုဇ်ရေလက်ကြားတစ်ဝိုက် ရေပြင်မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ အပစ်ရပ် သဘောတူညီမှုကတော့ ဆက်ပြီးတည်တံ့နေဆဲလို့ အီရန်ရော၊ အမေရိကန်ကပါ အတည်ပြုခဲ့ကြပါတယ်။
အမေရိကန်ဟာ စစ်ပွဲကို အပြီးသတ် ရပ်စဲစေဖို့ အဆိုပြုချက်တွေကို အီရန်ဆီ ပေးပို့ထားပြီး အီရန်ဖက်က အကြောင်းပြန်မှုကို စောင့်ဆိုင်းနေဆဲလို့ မေ ၉ ရက်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက အမေရိကန်အပေါ် ဘယ်လောက်ထိ ယုံကြည်ရမလဲ ဆိုတာမျိုး မေးခွန်းထုတ်ထားခဲ့ပါတယ်။
ပါရှန်းပင်လယ်ကွေ့ တဝိုက်မှာ လတ်တလော အမေရိကန် တပ်တွေက ပြဿနာ ရှာနေတာ၊ အပစ်ရပ် သဘောတူညီမှုကို အကြိမ်ကြိမ် ချိုးဖောက်နေတာတွေက အမေရိကန်ဟာ လက်ရှိ ပဋိပက္ခကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းချင်တာ ဟုတ်ရဲ့လားဆိုတဲ့ အီရန်ရဲ့ သံသယကို ပိုပြီး ခိုင်မာလာစေခဲ့ကြောင်း အီရန် အစိုးရပိုင် IRNA ကို အာရက်ချီက ပြောကြားခဲ့ပါတယ်။
မေ ၈ ရက်မှာ အမေရိကန်ရေတပ် ပိတ်ဆို့ထားတဲ့ နေရာကို ဦးတည် ခုတ်မောင်းလာတဲ့ အီရန်အလံ လွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောနှစ်စင်းကို အမေရိကန်ရေတပ် တိုက်လေယာဉ် တစ်စင်းက ပစ်ခတ်ပြီး ဟန့်တားခဲ့ကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အီရန်ရေတပ်ကလည်း ပစ်ခတ်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တယ်လို့ အီရန်ဖက်က ထုတ်ပြန်ခဲ့ပါတယ်။
အီရန်က အမေရိကန်ရဲ့ ရေတပ်အင်အားသုံး ပိတ်ဆို့မှုတွေဟာ အပစ်ရပ် သဘောတူညီမှုကို တိုက်ရိုက်ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲထားပြီး အမေရိကန်ကတော့ ဆွေးနွေးမှုတွေ အပြီးမသတ်နိုင်မချင်း အဲဒီပိတ်ဆို့မှုတွေ ဆက်လက် ထားရှိမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။
ကိုးကား - AFP
#အီရန်
#အမေရိကန်
#အရှေ့အလယ်ပိုင်း
#ဟောမုဇ်ရေလက်ကြား
#စစ်ရေးတင်းမာမှု
#နိုင်ငံတကာသတင်း
#ကမ္ဘာ့ရေးရာ
10/05/2026
■ ဟော်မုဇ်ရေလက်ကြား ပိတ်ထားတာကြောင့် သင်္ဘောအစင်းရေ ၁၅၀၀ လောက် ပင်လယ်ကွေ့မှာ သောင်တင်
ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတာကြောင့် သင်္ဘောအစင်းရေ ၁၅၀၀ လောက်နဲ့ သင်္ဘောသား နှစ်သောင်းလောက် ပင်လယ်ကွေ့မှာ ပိတ်မိနေတယ်လို့ ကုလသမဂ္ဂနိုင်ငံတကာရေကြောင်းအဖွဲ့ (IMO) အကြီးအကဲက ပြောပါတယ်။
ဖေဖော်ဝါရီလတုန်းက အမေရိကန်၊ အစ္စရေး စတင်တိုက်ခိုက်ခဲ့တဲ့အတွက် အီရန်က ဒေသတွင်းနိုင်ငံတေွကို လက်တုံ့ပြန်ခဲ့သလို ရေလက်ကြားကို စတင်ပိတ်ဆို့ခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းသယ်ဆောင်နေတဲ့ လမ်းကြောင်းဖြစ်သလို ကမ္ဘာ့စွမ်းအင်လုပ်ငန်းရဲ့ အသက် သွေးကြောတစ်ခုလည်း ဖြစ်ပါတယ်။
"လောလောဆယ်မှာ သင်္ဘောအစီးပေါင်း ၁၅၀၀ လောက်နဲ့ သင်္ဘောသား နှစ်သောင်းလောက် ပိတ်မိနေပါတယ်” လိုဘ ပနားမားနိုင်ငံမှာ ကျင်းပတဲ့ အမေရိက ရေကြောင်းဆွေးနွေးပွဲမှာ IMO အတွင်းရေးမှူးချုပ် အာဆီနီယိုဒိုမင်ဂွက်ဇ်က ပြောကြားပါတယ်။
ကမ္ဘာပေါ်မှာ သုံးစွဲနေကြတဲ့ ကုန်ပစ္စည်း ၈၀ ရာခိုင်နှုန်းကို ရေကြောင်းကတစ်ဆင့် သယ်ယူပို့ဆောင်နေကြတယ်လို့ ဒိုမင်ဂွက်ဇ်က ပြောပါတယ်။
သောင်တင်နေတဲ့ သင်္ဘောသားတွေဟာ တခြားနိုင်ငံတွေ ကောင်းကျိုးအတွက် သူတို့အလုပ်သူတို့ နေ့စဉ် လုပ်နေကြတဲ့ အပြစ်မဲ့သူများဖြစ်ပေမဲ့ သူတို့ မထိန်းချုပ်နိုင်တဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကြောင့် ပိတ်မိနေကြတယ်လို့ IMO ကိုယ်စားလှယ်များနဲ့ ရေကြောင်းလုပ်ငန်း အမှုဆောင်တွေ တက်ရောက်တဲ့ အခမ်းအနားမှာ ဒိုမင်ဂွက်ဇ်က ပြောပါတယ်။
ရေယာဉ်တွေ အကြိမ် ၃၀ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသား ၁၀ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း IMO အတွင်းရေးမှူးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
သင်္ဘောသားတွေ အသက်ဆုံးရှုံးမှုနဲ့ စီးပွားရေးထိခိုက်ပျက်စီးမှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့ သင်္ဘောတွေကို ဟော်မုဇ်ရေလက်ကြားကို စေလွှတ်မှု မပြုကြဖို့ သူင တိုက်တွန်းပြောကြားပါတယ်။
ကိုးကား - AFP
#အီရန်စစ်ပွဲ
#သင်္ဘော
#ပင်လယ်ကွေ့
#သောင်တင်
10/05/2026
■ အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာနေချိန် ကျူးဘားက စစ်ရေးလေ့ကျင့်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရနဲ့ တင်းမာမှုတွေ ဆက်တိုက်ဖြစ်နေချိန်မှာပဲ ကျူးဘား နိုင်ငံဟာ မေ ၈ ရက်မှာ အမြောက်တပ်တွေအပါအဝင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန်ပါတယ်။
ကျူးဘားအလယ်ပိုင်း ဗီလ်ယာကလာရာ ပြည်နယ်က ဗဟိုစစ်တက္ကသိုလ် လေ့ကျင့်ရေးကွင်းမှာ စယဲဂိုးဒယ်အာဗီလာ စစ်ဒေသက တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်ခဲ့ကြတာဖြစ်ပြီး ဒါဟာ စစ်ရေး ပြင်ဆင်မှု အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကို ဗဟိုစစ်ဌာနချုပ် တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး ရာအူးလ် ဗီလ်ယာ ကက်ဆယ်လ် ကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့ပြီး ထူးချွန်တဲ့ တပ်ဖွဲ့တွေကိုလည်း အသိအမှတ်ပြု ချီးမြှင့် ခဲ့ပါတယ်။
အခုလို စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာတာဟာ ဝါရှင်တန်ဘက်က လေသံတင်းမာလာနေချိန်မှာ လုပ်ခဲ့တာပါ။
ကျူးဘားရဲ့ ကာလရှည်မဟာမိတ်ဖြစ်တဲ့ ဗင်နီဇွဲလားခေါင်းဆောင်ကို ဖမ်းဆီးဖို့ ဇန်နဝါရီလက စစ်တပ်နဲ့ ဝင်ရောက်စီးနင်းပြီးနောက်မှာ ထရမ့်ပ်က "နောက်အလှည့်က ကျူးဘားပဲ" လို့ ပြောဆို ခဲ့ပါတယ်။
ဒါ့အပြင် ကျူးဘားဆီ ရေနံတင်ပို့မှု အများစုကိုလည်း ပိတ်ပင်ထားတာကြောင့် ကျူးဘားအစိုးရ အခက်တွေ့နေရပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း တော်တော်လေး ဆိုးရွားလာခဲ့ပါတယ်။
မကြာသေးခင်ကလည်း ထရမ့်ပ် က ကျူးဘားကို တနည်းနည်းနဲ့ သိမ်းပိုက်ခွင့်ရဖို့ မျှော်လင့်တယ်၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကျူးဘားကို သူလုပ်ချင်တာ ဘာမဆိုလုပ်နိုင်တယ်လို့ ပြောဆိုခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုပြီးတော့ တင်းမာသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ထရမ့်ပ်ဟာ ကျူးဘားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ထပ်တိုးဖို့ အမိန့်စာမှာ လက်မှတ်ထိုးခဲ့ပါတယ်။
ကျူးဘားသမ္မတ မီဂွဲလ်ဒီယက်ဇ်ကနဲလ်က ဒီလုပ်ရပ်ကို အကျပ်ကိုင်မှု ဖြစ်တယ်လို့ ရှုတ်ချ ခဲ့ပါတယ်။
#အမေရိကန်
#ကျူးဘား
#စစ်ရေးလေ့ကျင့်
■ ခြေထောက်နဲ့ ပန်းချီဆွဲတဲ့ မသန်စွမ်းပန်းချီဆရာ
"ကျွန်တော့်ပန်းချီကားတွေကို တစ်ကိုယ်တော် ပန်းချီပြပွဲလေး လုပ်တော့လုပ်ချင်တယ်။ ဒါပေမဲ့ အခန်းငှားဖို့ ဘာတို့က သိပ်အဆင်မပြေဘူး။ ပန်းချီကားတွေကိုတော့ နည်းနည်းပါးပါး စုထားတယ်။ ပြပွဲက ဘယ်အချိန်ဖြစ်လာမလဲဆိုတာတော့ မသိဘူး။ ကြိုးတော့ ကြိုးစားကြည့်ရမှာပေါ့"
#မသန်စွမ်းပန်းချီဆရာ
#ကိုတင့်
#၃၆လမ်း
#ခြေထောက်နဲ့ပန်းချီဆွဲ Part 19
09/05/2026
■ တောင်ကိုရီးယားမြို့တော် ဆိုးလ်အထိ ပစ်ခတ်နိုင်မယ့် ဟောင်ဝစ်ဇာ အမြောက်အသစ်တွေကို နယ်စပ်မှာ ဖြန့်ကျက်ဖို့ မြောက်ကိုရီးယား စီစဉ်
နိုင်ငံရဲ့ လက်နက်ကြီး အမြောက်အသစ်တွေကို တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ ဖြန့်ကျက်သွားဖို့ မြောက်ကိုရီးယားက စီစဉ်နေကြောင်း သိရပါတယ်။
၁၅၅ မမ ဟောင်ဝစ်ဇာ စက်အမြောက် အသစ်တွေကို နိုင်ငံတောင်ပိုင်း နယ်စပ်တလျှောက်မှာ ဖြန့်ကျက်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းကို မြောက်ကိုရီးယား အစိုးရ မီဒီယာက မေ ၈ ရက်မှာ ဖော်ပြသွားပါတယ်။
အဲဒီ အမြောက်တွေဟာ တောင်ကိုရီးယားရဲ့ မြို့တော် ဆိုးလ်အထိ လက်လှမ်းမီအောင် ပစ်ခတ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။
ဒီလက်နက်တွေ နယ်စပ်မှာ ဖြန့်ကျက်မယ့် ကိစ္စဟာ တောင်ပိုင်းက ပြိုင်ဘက် နိုင်ငံနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေ ပိုပြီး နက်ရှိုင်းလာတယ် ဆိုတာကို မြင်သာစေပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ အခုသီတင်းပတ်ထဲမှာ လက်နက်စက်ရုံ တစ်ခုဆီ သွားရောက်ခဲ့ပြီး မျိုးဆက်သစ် ၁၅၅ မမ ဟောင်ဝစ်ဇာ စက်အမြောက်တွေ တပ်ဆင် ထုတ်လုပ်မှုကို စစ်ဆေး လေ့လာခဲ့တယ်လို့ KCNA သတင်းဌာနက ဆိုပါတယ်။
အဲဒီ အမြောက်တွေဟာ အကွာအဝေး ကီလိုမီတာ ၆၀ ကျော်လောက်ထိ ပစ်ခတ်နိုင်ကြောင်း၊ ဒီနှစ်ထဲကစပြီး နယ်စပ်မှာ ဖြန့်ကျက်သွားမယ့် အစီအစဉ် ရှိနေကြောင်း KCNA ရဲ့ သတင်းအရ သိရပါတယ်။
ဆိုးလ်မြို့လယ်ဟာ မြောက်ကိုရီးယား နယ်စပ်ကနေ ကီလိုမီတာ ၅၀ နဲ့ ၆၀ အတွင်းလောက်မှာ ရှိနေပါတယ်။
ပြီးတော့ တောင်ကိုရီးယားရဲ့ လူဦးရေ အထူထပ်ဆုံး၊ စက်မှုလုပ်ငန်း အဖွံ့ဖြိုးဆုံး ဂျောင်ဂီ ဧရိယာရဲ့ အပိုင်းအများစုကလည်း အဲဒီအမြောက်တွေ လက်လှမ်းမီမယ့်သဘော ဖြစ်လာပါတယ်။
အခု ဟောင်ဝစ်ဇာ အမြောက်အသစ်တွေဟာ မြောက်ကိုရီးယားရဲ့ မြေပြင် စစ်ဆင်ရေး စွမ်းဆောင်ရည်မှာ ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတွေ၊ အားသာမှုတွေကို ရရှိလာစေလိမ့်မယ်လို့ KCNA က ညွှန်းဆိုထားပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၃ မှာ ပြီးဆုံးခဲ့တဲ့ ကျွန်းဆွယ်စစ်ပွဲမှာ အပစ်အခတ် ရပ်စဲထားပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုရသေးပါဘူး။ ဒါကြောင့် အဲဒီနှစ်နိုင်ငံဟာ သီအိုရီအရ အခုထိ စစ်ဖြစ်နေကြဆဲလို့ သတ်မှတ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားအပေါ် ပိုပြီးရန်လိုတဲ့ သဘောထား မူဝါဒတွေ အထင်အရှား ပြသလာခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရက တောင်ပိုင်း အိမ်နီးချင်းတွေကို နိုင်ငံရဲ့ ရန်သူတော်လို့ တရားဝင် သတ်မှတ် ကြေညာထားသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း မြောက်ကိုရီးယားဟာ ကိုရီးယား နှစ်နိုင်ငံ ပြန်လည်သင့်မြတ် ပေါင်းစည်းရေးဆိုတဲ့ သဘောထားကို နိုင်ငံရဲ့ မူဝါဒတွေထဲကနေ ဖယ်ထုတ်ပစ်ခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတရုံးကတော့ နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ဆက်ပြီး အားထုတ် ကြိုးစားနေမှာ ဖြစ်တယ်လို့ မေ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကိုးကား - AFP
#မြောက်ကိုရီးယား
#တောင်ကိုရီးယား
#ကိုရီးယားကျွန်းဆွယ်
#စစ်ရေးတင်းမာမှု
#လက်နက်ကြီး
#ကင်မ်ဂျုံအွန်း
#နိုင်ငံတကာသတင်း
#ကမ္ဘာ့ရေးရာ
09/05/2026
■ အမေရိကန်ကြားဝင်စေ့စပ်ပေးမှုနဲ့ ရုရှားနဲ့ ယူကရိန်း သုံးရက်ကြာ အပစ်ရပ်ရေး ကြေညာ
ရုရှားနဲ့ ယူကရိန်းတို့ဟာ အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ သုံးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို သဘောတူညီလိုက်ကြောင်း မေ ၈ ရက်က အသီးသီးကြေညာခဲ့ကြပါတယ်။
အဲဒီအပစ်အခတ်ရပ်စဲရေးဟာ ဒီနေ့ (မေ ၉ ရက်) ကနေ ၁၁ ရက်အထိ ကြာမြင့်မှာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သက်တမ်းထပ်မံတိုးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတထရမ့်ဟာ Truth လူမှုကွန်ရက်ကတစ်ဆင့် အဲဒီယာယီအပစ်အခတ်ရပ်စဲရေးကို အစောပိုင်းမှာ ကြေညာခဲ့တာပါ။
လေးနှစ်ကျော်ကြာ စစ်မက်ဖြစ်ပွားနေတဲ့နှစ်နိုင်ငံစလုံးဟာ တစ်ဖက်ကို သုံ့ပန်း ၁,၀၀၀ စီ အပြန်အလှန်လဲလှယ်သွားကြမှာဖြစ်ကြောင်းလည်း အဲဒီကြေညာချက်ထဲမှာ ထည့်သွင်းပြောကြားထားပါတယ်။
"အပစ်အခတ်ရပ်စဲရေးသက်တမ်းကို အကြာကြီးတိုးမြှင့်သွားတာမျိုး ကျွန်တော် မြင်ချင်ပါတယ်။ အဲဒီလို ဖြစ်လာနိုင်ခြေလည်း ရှိပါတယ်" လို့ ထရမ့်က မေ ၈ ရက်က ညနေပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်နိုင်ခဲ့တဲ့ ၁၉၄၅ ဆိုဗီယက်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို ဒီနေ့ (မေ ၉ ရက်) မှာ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။
အခုသီတင်းပတ်အတွင်း နှစ်ဖက်စလုံးက သီးခြားစီ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ကြပေမဲ့ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲနေကြတာပါ။
ယူကရိန်း-ရုရှားစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းရာမှာ တိုးတက်မှုမရှိတာကြောင့် ထရမ့်ဟာ စိတ်ပျက်မှုတွေ တိုးလာနေပါတယ်။
အခြားတစ်ဖက်မှာလည်း အမေရိကန်က အစ္စရေးနဲ့ပူးပေါင်းပြီး အီရန်အပေါ် ဆင်နွှဲနေတဲ့စစ်ပွဲကြောင့် သမ္မတအပေါ် ပြည်တွင်းထောက်ခံမှုနှုန်းကျဆင်းနေချိန်မှာ အခုလို ယူကရိန်းမှာ တိုက်ပွဲတွေ ခေတ္တရပ်တန့်သွားတာဟာ သမ္မတအတွက် သတင်းကောင်းတစ်ခု ဖြစ်လာပါတယ်။
သုံးလထဲ ရောက်ရှိလာပြီဖြစ်တဲ့ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးစားနေရင်း ပါရှန်ပင်လယ်ကွေ့ဒေသအတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် ရပ်တန့်နေတဲ့အနေအထားမှာ ရှိနေပါတယ်။
အခု ယူကရိန်း-ရုရှားအပစ်အခတ်ရပ်စဲရေးမှာ တိုက်ခိုက်မှုအားလုံးရပ်ဆိုင်းထားဖို့နဲ့ နှစ်ဘက်စလုံးက စစ်သုံ့ပန်း ၁,၀၀၀ စီ လဲလှယ်ဖို့ ပါဝင်တယ်လို့ ထရမ့်က သူ့ရဲ့ Truth လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
"ဒီတောင်းဆိုချက်ကို ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်လုပ်ဆောင်ခဲ့တာပါ။ သမ္မတ ဗလာဒီမာပူတင်နဲ့ သမ္မတ ဗိုလိုဒီမီယာဇလန်းစကီးတို့က သဘောတူပေးခဲ့တဲ့အတွက် ကျွန်တော် အထူးပဲကျေးဇူးတင်ပါတယ်။ ဒါဟာ နှစ်ကာလရှည်အောင် သေကြေပျက်စီးမှုများပြားလှတဲ့စစ်ပွဲကြီးရဲ့ အဆုံးသတ်ဖို့ အစပျိုးမှုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ထရမ့်က ဆက်လက်ရေးသားခဲ့ပါတယ်။
#ရုရှားသမ္မတ
#ထရမ့်
#ယူကရိန်းစစ်
#အပစ်အခတ်ရပ်စဲရေး
09/05/2026
■ အမေရိကန်က ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတယ်လို့ အီရန် စွပ်စွဲ
သံတမန်ရေး ညှိနှိုင်းမှုတွေ တိုးတက်တဲ့ အရိပ်အယောင် တစ်ခုခု ပြလာတာနဲ့ အမေရိကန်ဆီက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေး လှုပ်ရှားမှု တစ်ခုခုကြောင့် အခြေအနေတွေ ပြန်ယိမ်းယိုင်သွားရကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။
အပစ်အခတ် ရပ်စဲထားတဲ့ နှစ်နိုင်ငံကြား မေ ၇ ရက်တုန်းက ဟောမုဇ် ရေလက်ကြား တစ်ဝိုက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တဲ့နောက် အဘက်စ် အာရက်ချီဆီက အခုလို မှတ်ချက်စကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းမယ့် အခြေအနေတွေ စားပွဲပေါ် ရောက်လာတိုင်း အမေရိကန်ဆီက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေး လုပ်ဆောင်ချက်တွေကို တွေ့မြင်လာရလေ့ ရှိကြောင်း၊ အီရန်ဟာ ဖိအားပေးပြီး ညှိနှိုင်းချင်တဲ့ ချဉ်းကပ်မှုတိုင်းကို လုံးဝ ဦးညွှတ်မှာ မဟုတ်ကြောင်း အာရက်ချီက လူမှုကွန်ရက် မီဒီယာ X မှာ မေ ၈ ရက်တုန်းက ရေးသားထားခဲ့ပါတယ်။
သံတမန်ရေးအရ အခြေအနေ ကောင်းလာတိုင်း ထထဖောက်တတ်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ဖိအားပေးတဲ့ နည်းလမ်းတစ်ခုလား၊ ဒါမှမဟုတ် အမေရိကန် သမ္မတကို နောက်ထပ် ဘေးကျပ်နံကျပ် ဖြစ်သွားအောင် တမင် ဒုက္ခပေးနေကြတာလားလို့လည်း သူက မေးခွန်းထုတ်ထားပါတယ်။
မေ ၇ ရက်တုန်းက အီရန်ဟာ ဟောမုဇ်နားမှာ အမေရိကန် ဖျက်သင်္ဘော သုံးစင်းကို ပစ်ခတ်ခဲ့ပြီး အမေရိကန်ကလည်း အီရန်ရဲ့ စစ်ရေး ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ရဲ့ စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM) က ထုတ်ပြန်ခဲ့ပါတယ်။
မေ ၈ ရက်မှာတော့ ဟောမုဇ်နားက အမေရိကန် ရေတပ် တားဆီးပိတ်ဆို့ထားရာ ရေပြင်ကို ဖောက်ထွက်ပြီး အိုမန် ပင်လယ်ကွေ့ထဲက အီရန်ဆိပ်ကမ်း တစ်ခုဆီ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ အီရန် ရေနံတင် သင်္ဘောနှစ်စင်းကို ပစ်ခတ် တားဆီးခဲ့ကြောင်း CENTCOM က ကြေညာပါတယ်။
တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပေမဲ့ ဧပြီ ၈ ရက် ကတည်းက ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကတော့ ဆက်လက် တည်တံ့နေဆဲလို့ နှစ်နိုင်ငံလုံးက ပြောကြားထားပါတယ်။
လောလောဆယ်မှာတော့ အမေရိကန်ဟာ စစ်ရပ်စဲရေး အဆိုပြုချက်တွေ အီရန်ဆီကို ပေးပို့ထားပြီး အခုသီတင်းပတ်ကုန်မှာ အကြောင်းပြန်မှု ရရှိလာမယ်လို့ မျှော်လင့်နေပါတယ်။
အမေရိကန်ရဲ့ ကမ်းလှမ်းချက်တွေဟာ အီရန်အတွက် အလေးအနက် စဉ်းစားရမယ့် အခြေအနေဖြစ်ဖို့ သူမျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောပါတယ်။
အခုသီတင်းပတ်ဟာ အီရန်-အမေရိကန် အပစ်ရပ် သဘောတူညီမှုကို ဆန်းစစ်တဲ့ ကာလတစ်ခု ဖြစ်ခဲ့ပြီး အီရန်က အမေရိကန် ဖျက်သင်္ဘောတွေကို ပစ်ခတ်ခဲ့သလို အမေရိကန်ကလည်း အီရန်ရဲ့ လက်နက် တပ်ဆင်ထားတဲ့ လှေငယ်တချို့ကို ပစ်ခတ် နှစ်မြှုပ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။
အီရန်ကို နောက်တစ်ကြိမ် နောက်ကောက်ချနိုင်ခဲ့ကြောင်း၊ သဘောတူညီမှု တစ်ခုခုအတွက် အီရန်က ခပ်မြန်မြန် လက်မှတ်မထိုးဘူးဆိုရင် နောက်ထပ်လည်း ပိုပြီး ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်ဖို့ အစီအစဉ်တွေ ရှိနေကြောင်း ထရမ့်က ခြိမ်းခြောက်ထားပါတယ်။
ကိုးကား - BBC
Photo - EPA
#အီရန်
#အမေရိကန်
#ဟောမုဇ်ရေလက်ကြား
#စစ်ရေးတင်းမာမှု
#သံတမန်ရေး
#နိုင်ငံတကာသတင်း
#ကမ္ဘာ့ရေးရာ
Click here to claim your Sponsored Listing.
Category
Address
000000